ပေါက်မြို့နယ် နဂါးဗွက်ကျေးရွာမှာ ၈ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇန်နဝါရီ ၊ ၅ -၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ နဂါးဗွက်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၄ ရက် ၊ မနက်ပိုင်းက ကျေးရွာအတွင်း ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“နဂါးဗွက်ရွာမှာ မနေ့က မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ရွာထဲကိုဝင်လာပြီး အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၅ ဦး နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ရွာသား ၈ ဦးကို ပစ်သတ်သွားတာဖြစ်တယ်” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ပေါက်မြို့နယ် ပခုက္ကူ ပေါက် ကားလမ်း၊ ယောချောင်း ရေပြာတံတားမှာ လုံခြုံရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ အဲ့ဒီနောက် ရန်သူ့ဘက်က ဆုပ်ခွာထွက်ပြေးတဲ့အချိန်မှာ နဂါးဗွက်ရွာထဲက သာမန် အရပ်သား ကြက်သွန်တောင်သူတွေ ပစ်သတ်သွားတာဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်ကိုလည်း ပေါက်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းကလည်း ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဘုရားတောင် ကျေးရွာအုပ်စု ၊ ကြူတောကျေးရွာရဲ့ အရှေ့ဘက် ၊ ယောချောင်းထဲက ကြက်သွန်ယာခင်းတောထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး ကြက်သွန်စိုက်နေတဲ့ တောင်သူတဦး ထိခိုက်သေဆုံးကာ ၊ ၉ ဦးဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့ #ရှစ်လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW