ဘိုကလေးမှာဖမ်းမိတဲ့ အထောက်အထားမဲ့ ၁၁၂ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ၊၉-၂၀၂၃
MM(VOM)

ဧရာဝတိတိုင်း ၊ ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့
ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၇ ယောက်အပါ အဝင် အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ထောင်ဒဏ် ၅ နှစ်၊ ၃ နှစ်နဲ့ ၂ နှစ် စီ အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။

အထောက်အထားမဲ့သူ ကလေး ၁၂ ယောက်၊အမျိုးသမီး ၄၇ ယောက်နဲ့ အမျိုးသား ၅၃ ယောက် ၊ စုစုပေါင်း ၁၁၂ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ၂၀ ရက်က၊ ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ကဒုံလေးကျွန်းနားမှာ စက်လှေနဲ့လာချိန် ရဲတပ်ဖွဲ့ကဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ်တွေချမှတ်လိုက်ပြီး မနေ့ ဇန်နဝါရီ ၈ ရက်က ဖျာပုံအကျဉ်းထောင်နဲ့ ရန်ကုန်တိုင်း တွံ့တေး ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့လိုက်တာလို့ သိရပါတယ်။

ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ထဲကနေ အသက် ၁၃ နှစ်အောက် ကလေး ၅ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ ၊ အသက် ၁၃ နှစ်အထက် ကလေး ၇ ယောက်ကို ထောင်ဒဏ် ၃ နှစ်နဲ့ အမျိုးသား ၅၃ ယောက် နဲ့ အမျိုးသမီး ၄၇ ယောက်ကို ၅ နှစ်ဆိုပြီး လ.ဝ.က မှတ်ပုံတင် အက် ဥပဒေ ပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာဖြစ်တယ်လို့ အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့အဖွဲ့တခုမှ တာဝန်ရှိသူ တယောက်ကပြောပါတယ်။

”ထောင်ဒဏ် ၃ မျိုး ချခဲ့တာတွေ့ရတယ် ၊ ကလေးတွေကို၂ နဲ့ ၃ နှစ်စီ၊ လူကြီးတွေကို ၅ နှစ်ပါ ၊ လဝက အက်ဥပဒေ ပုဒ်မနဲ့ ချခဲ့တာ ၊ ဘိုကလေး တရားရုံးက အမိန့်ချတာပါ၊ အထောက်အထားမဲ့သူတွေကို အဝတ်အထည်တွေနဲ့ လိုအပ်တာတွေ ကူညီပေးထားပါတယ် ၊စိတ်ထဲတော့ တော်တော်မကောင်း ဖြစ်ရပါတယ် ၊ သူတို့က ရခိုင်ပြည်နယ်ကနေအလာ စက်လှေပျက်ပြီး ဘိုကလေးကိုရောက်လာရင်း အခုလို အဖမ်းခံရပြီးတော့ ထောင်ချခံရတာ။”လို့ သူက ဆက်ပြောပါတတယ်။

အခု ထောင်ဒဏ် ချမှတ်ခံရတဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ထဲက အသက် ၁၃ နှစ်အောက် ကလေး ၅ ယောက်နဲ့ အသက် ၁၃ နှစ် အထက် ကလေး ၇ ယောက် စုစုပေါင်း ၁၁၂ ယောက်ကို ရန်ကုန်တိုင်း တွံ့တေးငှက်အော်စမ်း လူငယ် ထိန်းသိမ်းရေစခန်းမှာ ထားရှိမှာဖြစ်တယ်လို့ အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတယောက်ကပြောပါတယ်။

”ရခိုင်ပြည်ကနေ ထွက်လာပေမယ့် လိုရာမရောက်ဘဲ အဖမ်းခံရတာတွေ ၊သတ်ဖြတ်ခံရတာတွေ ၊ ထောင်ချခံရတာတွေပဲဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ် ၊ အခုထောင်ချခံရတဲ့ ကလေးတွေက အရမ်းငယ်တယ်လေ၊ သူတို့ကို ရန်ကုန် ငှက်အော်စမ်မှာ ထားမယ်လို့သိရတယ် ၊ လူကြီးတွေကို ဖျာပုံထောင်မှာ ထားမှာပါ ၊ သူတို့တွေက တရားမျှတမှုနဲ့တော်တော်လေးကို အရမ်းအလှမ်းဝေးနေရတယ် ၊ ဒါပဲပြောချင်ပါတယ်။”လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ဘိုကလေးမြို့နယ် ၊ အမာမြို့နယ်ခွဲ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက် မျောပါလာပြီး အဖမ်းခံခဲ့ရတဲ့ အထောက်အထားမဲ့ ၃၅ ယောက်ကို နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၅ နှစ်စီအမိန့်ချခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #အထောက်အထားမဲ့သူတရာကျော် #ထောင်ဒဏ်တွေချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW