လောင်းလုံးမှာ လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ပစ်ခတ်ခံရပြီး လူတဦး သေဆုံး

ဇန်နဝါရီ ၉ – ၂၀၂၃
SN (VOM)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်၊ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ခန့်က ထားဝယ်- မောင်းမကန် ကားလမ်းဘေး ကမြောကင်း အ-မ-က ကျောင်းအနီးမှာ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ပစ်ခတ်ခံရပြီး လူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သေနတ်သံတွေသံကြားပြီး မကြာဘူး၊ စစ်တပ်က အဲ့ဒီ့နေရာကို ရောက်လာပြီး စစ်ဆေးနေကြတယ်။ ကမြောကင်းတံတားကိုလည်း ဒီနေ့ နေ့လယ် ၁၁ နာရီခွဲလောက်ကစပြီး ပိတ်ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ ဒုရဲအုပ်အဆင့်ရှိသူတဦးလို့ ပြောဆိုနေကြပေမယ့် အဲ့ဒီပြောဆိုချက်ကို VOMအနေနဲ့သီးခြား အတည်ပြုလို့မရသေးပါဘူး။

ကမြောကင်းတံတား ပိတ်ထားမှုကြောင့် လောင်းလုံးနဲ့ ထားဝယ်ဘက်ခြမ်းမှာ ခရီးသွားပြည်သူ ရာနဲ့ချီပိတ်မိနေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ထားဝယ် (ပကဖ) နဲ့ လောင်းလုံး (ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပြီး ပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့တဲ့သူဟာ လူဦးရေစာရင်းကောက် လုံခြုံရေးအတွက် အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ နစက တပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ နစကဘက်က တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သလို သေနတ် ၁ လက်နဲ့ ကျည်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ် (ပကဖ)က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ်ထဲ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ဒီနေ့ ဇန်နဝါရီ ၉ ရက်ကစလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တအိမ်တက်ဆင်း လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လောင်းလုံး #လူဦးရေစာရင်လိုက်ကောက်အဖွဲ့ #ပစ်ခတ်ခံရ #တဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW