ရွှေဆိုင်တွေအတွက် CCTV တပ်ဖို့ ၊လုံခြုံရေးဝန်ထမ်းတွေ ဖုန်း ကြည့်မနေဘဲ ဝီရိယရှိရှိစောင့်ကြည့်ဖို့ စီမံအုပ်ချုပ်ရေးအဖွဲ့ပြော

ဇန်နဝါရီ ၁၉ – ၂၀၂၃
GG(VOM)

ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေလုံခြုံရေးအတွက် ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ ရွှေဆိုင်တွေလုံခြုံရေးအတွက် CCTV တပ်ဖို့နဲ့ လုံခြုံရေးဝန်ထမ်းတွေ ဆိုင်အပြင်ကနေ သတိဝီရိယရှိရှိ နေထိုင်စောင့်ကြည့်ကြဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။

” တခုခုဖြစ်ရင် ဖုန်းဆက်အကြောင်းကြားဖို့ ဖုန်းနံပါတ်တွေပေးခဲ့တယ်။ နောက်ပြီး ဆိုင်ကလုံခြုံရေးဝန်ထမ်းတွေအနေနဲ့လည်း ဆိုင်ထဲဝင်ပြီး ဖုန်းပွတ်မနေဖို့ ၊အပြင်မှာနေပြီး ဂရုတစိုက်စောင့်ကြည့်ဖို့ ပြောပါတယ် ။ လုံခြုံရေးကတော့ ဆိုင်တွေခန့်နိုင်သလောက် ခန့်လို့ရတယ်ပေါ့။ လုံခြုံရေးနဲ့ပတ်သက်လို့ သူတို့ဘက်ကနေ ဘယ်လိုတွေစီမံပေးမယ်ဆိုတာတော့ မရှိသေးပါဘူး”လို့ YGEA အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဆိုင်တွေ၊ ဘဏ်တွေကို ဓားပြတိုက်တာ၊ ဝင်ရောက်လုယက်တာတွေ မကြာခဏဆိုသလိုဖြစ်ပွားလာနေတာကြောင့် အခုလိုအစည်းအဝေးလုပ် တွေ့ဆုံပြီး ညှိနိူင်းကြတာဖြစ်တယ်လို့ သိရပါတယ်။

“ရွှေဆိုင်တွေအနေနဲ့ အရေးပေါ်ကိစ္စရပ် ရှိသည်ဖြစ်စေ လုံခြုံရေးကိစ္စရပ်တွေနားမလည်လို့ဖြစ်စေ ပေးထားတဲ့ဖုန်းနံပါတ်တွေကို ဆက်ပြီးတိုင်လို့ရတယ် သတင်းပေးလို့ရတယ်”လို့ ပန်းဘဲတန်းမြို့နယ်
ဒုတိယ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသိန်းလင်း​အောင် က ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပြင် မြို့နယ် လ.ဝ.က လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွှေဆိုင်တွေ ဝင်ရောက်လုယက်ခံရမှုဟာ ရန်ကုန်တိုင်းအပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း စတဲ့ မြို့နယ်အချို့မှာ ဖြစ်ပွားမှုတွေရှိနေပါတယ်။

ရွှေဆိုင် လုယက်မှုကျူးလွန်သူတချို့ကို ဖမ်းဆီးရမိတာရှိသလို အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့လုယက်မှုတွေလည်းရှိနေတတာကြောင့် တချို့ရွှေဆိုင်တွေက ဆိုင်မဖွင့်ဘဲ ပိတ်ထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဆိုင် #လုံခြုံရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW