မြောက်ဒဂုံက နေအိမ်မီးလောင်မှု အိမ်ရှင်သားအမိအပါအဝင် ၄ယောက်သေဆုံး

ဇန်နဝါရီ ၂၅ – ၂၀၂၃
GG(VOM)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းက နေအိမ်တအိမ်မှာ ဒီနေ့ဇန်နဝါရီ ၂၅ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်ပိုင်ရှင်အပါအဝင် လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” တိုက်အိမ် ၂ထပ်အိမ်မီးလောင်တာ၊ သေတဲ့အထဲ အိမ်ပိုင်ရှင်နဲ့သူ့သားလည်း ပါတယ်။အိပ်ပျော်နေချိန်လောင်တဲ့ပုံပါ။ သေတာက ကျား၁ မ ၃ ယောက်ပါ ၂ နာရီ ထိုးပြီးလောက်မှာ လောင်တာ”လို့ ​ဒေသခံတဦးကပြောပါတယ်။

နေအိမ်မီးလောင်မှုကြောင့် သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် ဒေါ်ရိုစီ ဆိုသူနဲ့ ​ သားဖြစ်သူ ဦးသက်ကိုဝင်း အသက် ၅၀ နှစ်နဲ့ လူနာပြုစုဖို့ ငှားထားတဲ့ သူနာပြုတွေဖြစ်တဲ့ မသပြေ အသက် ၁၈ နှစ် နဲ့ မဇင်ငြိမ်းအေး အသက် ၃၀ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးနဲ့ ဘာကြောင့် မီးလောင်သလဲဆိုတာကိုတော့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနက စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုကို Level 1 အဆင့်နဲ့ မီးသတ်ကား ၁၀ စီး၊ရေသယ်ကား ၇ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မီးကိုတော့ မနက်၂ နာရီ ၅၀ မှာ လုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #လူလေးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW