ရေးမြို့နယ်တွင် အဘိုးအို ၁ ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်

ဇန်နဝါရီ ၃၁ – ၂၀၂၃
SN (VOM)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးမှာ မနေ့ ဇန်နဝါရီ ၃၀ ရက်၊ မနက်ပိုင်းက အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးအို ၁ ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ့ အဘိုးအိုဟာ ကြိုးတံတားချောင်းနားက သူ့ရဲ့ဥယျာဉ်ခြံမှာ ရေပိုက်လာပြင်ချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ခြေထောက် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာပါ။

“ကြိုးတံတားချောင်းနားမှာ။ မိုင်းက ပြည်သူပိုင် ဥယျာဉ်ခြံတွေပါ ထောင်နေတာ။ အဲ့ဒီချောင်းနားမှာ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်တယ်“လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ မြေမြှုပ်မိုင်းနင်းမိခဲ့သူကို လမိုင်းဆေးရုံကနေ မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံဆီ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသားတဦး မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် ဆိုင်ကယ်တစီးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေး #မြေမြုပ်မိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW