ရနောင်းမှာထိန်းသိမ်းခံရတဲ့ မြန်မာလုပ်သား ၆၇၀ ကျော် ကော့သောင်းကို ရောက်ပြီ

ဖေဖော်ဝါရီ ၂ – ၂၀၂၃
GG(VOM)

ထိုင်းနိုင်ငံ ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ ဒီနေ့ဖေဖော်ဝါရီ၂ ရက်နေ့မှာ မြန်မာဘက်ကိုပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။

ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ရနောင်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး အားလုံးကိုကျန်းမာရေးစစ်ဆေးမှုအကုန်လုံးလုပ်ထားတယ်လို့ သိရပါတယ်။

“အားလုံး ၆၇၉ ယောက်၊ အဲ့ဒီအထဲမှာ မိန်းကလေးက ၁၃၀ ကျော်ပဲပါတယ်၊ကျန်တာက ယောကျ်ားလေးတွေချည်းပဲ။ ရန်ကုန်ပြန်ပို့မယ့်လူတွေကိုတော့ နိုင်ငံတော်အစီအစဥ်နဲ့ပို့မှာပါ”လို့ နေရပ်ပြန်ပို့သူတွေ ကို လက်ခံမှုမှာ ကူညီပေးနေတဲ့ ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တဦးကပြောပါတယ်။

နေရပ်ပြန်ရောက်လာသူတွေထဲက တနင်္သာရီတိုင်းဒေသခံတွေကိုတော့ မထသ နဲ့ချိတ်ဆက်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး ၊ ရန်ကုန်ပြန်ပို့မယ့်သူတွေကိုတော့ တပ်မတော်ရေ အစီအစဥ်နဲ့ စစ်သင်္ဘောနဲ့ပြန်လည်ပို့ဆောင်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

ရနောင်းမှာအထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆၇၀ ကျော်ဟာ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ၂၈ ရက်နေ့က အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိနဲ့ IDCတာဝန်ရှိသူတွေဟာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အားလုံးကို အခုလိုနေရပ်ကိုပြန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ရနောင်း လဝက ထိန်းသိမ်းရေးစခန်းက အခန်းကျဥ်းထဲမှာ လူပေါင်း ၆၀၀ ကျော်ကို ထားရှိခဲ့တာဖြစ်ပြီး၊ ဆေးဝါးကုသမှု မရရှိသလို၊ အစားအသောက်ပိုင်းမှာလည်း အဆင်မပြေတာကြောင့် မြန်မာလုပ်သားတွေက နေရပ်ပြန်ခွင့်ရဖို့အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကော့သောင်း #ထိုင်းနိုင်ငံထိန်းသိမ်းခံ #မြန်မာလုပ်သားတွေပြန်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW