ထ – ထမနဲ၊ တပို့တွဲ

ဆူးငှက်

သာစွလေ၊ နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်၊ ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊ ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ … ။

(ဟံသာဝတီရောက်မင်း .. ဆို)

တပို့တွဲတဲ့။ ငယ်ငယ်ကတော့ နှာရည်ယိုရွဲ တပို့တွဲဟုအော်ဟစ် သီဆိုခဲ့ရ၏။ ကျောင်းရောက်တော့ ထ-ထမနဲ၊ တပို့တွဲဟု သင်အံခဲ့ရသေးသည်။ ဟုတ်သည်။ တပို့တွဲလက အေးမြနေသည်။ နှင်းတို့
တဖွဲဖွဲကျ၏။ မနက်စောစော ဖလန်နယ်အနွေးထည် အထပ်ထပ်ဝတ်ပြီး၊ လက်ကလေးနှစ်ဖက်ပိုက်၍ တုန်ခိုက်ကာ ချမ်းလိုက်တာဟုပြောလျှင် ဦးကြီးက ချမ်းတာမဟုတ်ဘူး၊ အေးတာကွဟု ဆိုလျှင် ဦးကြီးနှယ် ကပ်သီးကပ်သပ်နိုင်ရန်ကော ချမ်းတာနဲ့အေးတာ အတူတူပဲ မဟုတ်ဘူးလားဟု စောဒကတက်မိသည်။ အခုမှပဲ ချမ်းတာနှင့်အေးတာ ကွဲပြားသည်ကို သိရတော့၏။ ချမ်းတာက ကိုယ်ရေးကိုယ်တာ၊ အေးတာက ဥတုရာသီဆိုင်ရာ။ သည်လိုပဲ အကြမ်းသဘော မှတ်ထားပါ၏။

မည်သို့ဆိုစေ တပို့တွဲလက အေးမြလှချည့်။ ထို့ကြောင့် ခိုက်ခိုက်တုန်မျှ ချမ်းသည်။ နတ်တော်၊
ပြာသို၊ တပို့တွဲဟူသော ဆောင်းရာသီ၏ ဇာတ်လိုက် သုံးလထဲတွင် တပို့တွဲကိုဖြင့် စွဲမြဲမှတ်ထင် သတိရနေသည်။ သို့မဟုတ် လွမ်းဆွတ်နေသည်။ တပို့တွဲလပြည့်နား နီးလျှင် အမေက ကောက်ညှင်းဆန် သန့်သန့်လေးကို ပြည်ချင်ဖြင့် သေချာဝယ်ထားသည်။ ထို့နောက် နယ်ရှိ ရွာဆွေရွာမျိုးတွေကပေးသော
မပဲဆန်တွေ၊နှမ်းတွေကို ရွေးတန်ရွေး၊ပြာတန်ပြာ၊နေပြတန်ပြ ထားသည်။ အုန်းသီးကိုတော့ ဘုန်းကြီးကျောင်းက စွန့်ထားလို့ ရေအိုးစင်ဘေးမှာ အဆင်သင့်ရှိနေ၏။ “ဟဲ့ … နင်အားရင် အုန်းသီးလေး အခွံနွာပြီး ထားလိုက်ဦး” ဟုအမေက ဦးလေးကိုလာဆော်နေပြီ။ ဆီကတော့ ကိစ္စမရှိ။ နယ်က ပို့လိုက်သော မြေပဲ ဆုံဆီစစ်စစ်လေးကို ပိဿာဝင် စဉ့်အိုးလေးထဲ ထည့်ပြီး အဖုံးကို ချေးမံ၊ သရွတ်ကျံထား၏။ အဖေကတော့ သင်္ဘောဝါး ကျပ်ခိုးစင်ပေါ် မနှစ် တပို့တွဲကတည်းက သိမ်းဆည်းထားသော သစ်သားယောင်းမကြီးတွေကို အောက်ချကာ ဆေးကြော သန့်စင်နေပြီ။ ညနေစောင်းရင်နင့် မောင်တွေ အပြင်မထွက်ခင် ဓမ္မာရုံက မိုးဗြဲဒယ်ကြီး သွားသယ် ခိုင်းထားဦး ဟုလည်း အမေ့ကို မှာနေ၏။

တပို့တွဲလဆန်း ၁၄ရက်၊ အဖိတ်နေ့ရာက်တော့ အိမ်ရှေ့ကွက်လပ် တလင်းမှာ မီးဖိုကျင်းတူးပြီး အုတ်ခဲတွေဖြင့် ဖိုခနောက်ဆိုင်သည်။ အစ်မတွေက အုန်းသီးခြစ်၏။ ချင်းထောင်း၏။ ဦးလေးတွေကဘမီးမွှေးပြီ။ အမေကကောက်ညှင်းဆန်၊မြေပဲဆန်နှင့်
နှမ်းတွေကို ဇလုံတွေထဲထည့်ပြီး အသင့်ပြင်ထားပြီ။ ကျွန်တော်ကဖြင့် ထင်းသယ်ရတာဖတ်ဖတ်မော။
အိမ်နီးချင်းတွေကလည်း သည်ဒယ်၊ သည်မီးဖိုမှာပဲ လာပြီး ထမနဲထိုးကြမည်။ ညနေ နေဝင်ရီကတည်းက ပြင်ဆင်ကာ ထမနဲထိုးကြတာက ညရှစ်နာရီဝန်းကျင် ရေဒီယိုက သတင်းမလာမီမှာပဲ ပြီးစီး၏။ တပို့တွဲ၏ အအေးဓာတ်က ခါးတောင်းမြောင်အောင် ကျိုက်ပြီး သစ်သားယောင်းမ ကိုယ်စီဖြင့် အားကျိုးခနဲ “ယောကျ်ားဘသား ကျိတ်လိုက်စမ်း” ဟူသော ထမနဲဝိုင်းတော်သားတွေထံမှာ အရှုံးပေး
အလံဖြူတင်သွား၏။ ထင်းမီးဖိုကြီးရဲရဲမှာ အဖေလည်း ချွေးတလုံးလုံး၊ အမေလည်း ချွေးတလုံးလုံး၊ ဦးလေးတွေ၊ အစ်မတွေလည်း ချွေးတလုံးလုံး။ အရာမရောက်သည့် ရှစ်နှစ်သားအရွယ် ကျွန်တော်သည်ပင် ပြေးလွှားရလို့ ချွေးတလုံးလုံး။
ဒယ်ပေါ်မှ ချပြီးစ ကောက်ညှင်းရနံ့၊မြေပဲရနံ့၊ ချင်းရနံ့၊ အုန်းသီးစိပ်ဖွေးဖွေးရနံ့တို့ဖြင့် သင်းမြနေသော ထမနဲတွေကို အမေက ဘုရားဆွမ်းတော်တင်ဖို့၊ ဘုန်းကြီးကျောင်းပို့ဖို့၊ ဆွမ်းလောင်းဖို့ အသီးသီးခွဲဝေသည်။ ပြီးတော့ အိမ်နီးချင်းတွေနှင့်လည်း အချင်းချင်း လဲလှယ် ပေးကမ်းဖို့တဲ့။ ပန်းကန်အသီးသီးနှင့် ခွဲသည်။ ကျွန်တော်က အနားမှာ ထိုင်ပြီး တံတွေးတွေ မြုံ့ချနေရ၏။ ထမနဲရနံ့က မွှေးလှချည့်။ အဖေက ယောက်မကြီးတွေမှာ ကပ်နေသော ထမနဲတွေကို
သံယောင်းမနှင့်ခစ်ချပြီး ဇလုံလေးထဲထည့်ကာ ကျွန်တော့ကိုပေးသည်။ ကျွန်တော်က အမေမသိအောင် ဖွက်ပြီး အိမ်ထောင့် ပိတောက်ပင်အောက်မှာ ပုန်းပြီးစားသည်။ အကြောင်းသိသော အစ်မက လိုက်လာကာ ဟိတ် … ငါ့ဖို့ ချန်ဦးတဲ့။နောက်ရက်တွေမှာဖြင့် ထမင်းပင် မစားဖြစ်တော့။ အိမ်မှာ ထမနဲတွေ အလျှံပယ်။ အမေက နောက်ရက်တွေအတွက် ထမနဲတွေကို ကျွတ်နေအောင် ကြော်ပေးပြန်သေးသည်။ တပို့တွဲတစ်လလုံး ထမနဲချည်းပဲလေ။ အသက်ကြီးလာလို့ စာတွေပေတွေထဲ ဖတ်ရတာကတော့ ထမနဲက စည်းလုံး ညီညွတ်ခြင်းရဲ့ ပြယုဂ်တဲ့။ကောက်ညှင်း၊ ဆီ၊မြေပဲ၊နှမ်း၊ ချင်း၊ ဆား၊ အုန်းသီးကအစ သူ့အရသာ၊ သူ့ကောင်းကွက်၊ အသုံးကျမှုတွေ ရှိပြီးသားတဲ့။ကောက်ညှင်းက ဟိုးတောင်ပေါ်ဒေသက၊ ဆီကမြေပြန့်မြေလတ်၊ ဆားက မြစ်ဝကျွန်းပေါ်က၊ အုန်းသီးကလည်း ကမ်းခြေ ကမ်းစပ်ကတဲ့။ အဲလိုမြန်မာတစ်ပြည်လုံး နေရာအနှံ့ကနေ စုစည်းညီညွတ်ပြီး တစ်လုံးတစ်စည်းတည်းပါင်းစည်းမိတဲ့ ထမနဲတဲ့။ ညီညွတ်အေးချမ်း မျှတခြင်းရဲ့ လက္ခဏာတဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW