ရခိုင်အခြေစိုက် DMG သတင်းထောက်တဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ကွယ်လွန်

ဖေဖော်ဝါရီ ၆-၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အခြေစိုက် Development Media group (DMG) သတင်းဌာနက သတင်းထောက်တဦးဖြစ်တဲ့ ကိုနိုင်လင်းအောင် (ခ) ကိုညီနိုင်ဟာ မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားတယ်လို့ DMG သတင်းဌာနတာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

DMG သတင်းထောက် ကိုနိုင်လင်းအောင် (ခ) ကိုညီနိုင်သေဆုံးတာနဲ့ပတ်သက်ပြီး သတင်းဌာနအနေနဲ့လည်း အတည်ပြုထုတ်ပြန်ထားပြီး သူဟာ ဖေဖော်ဝါရီရီလ ၄ ရက်နေ့ ညအချိန်မှာ စစ်တွေမြို့ ကွန်ပျူတာတက္ကသိုလ်အနီး လမ်းမပေါ်မှာ စက်ဘီးစီးလာတဲ့အမျိုးသမီးတဦးကို ရှောင်တိမ်းရာကနေ မတော်တဆဖြစ်ကာ ဖေဖော်ဝါရီ ၅ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

DMG သတင်းဌာနအနေနဲ့လည်း ကိုနိုင်လင်းအောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ဝန်းနည်းကြေကွဲရကြောင်း တရားဝင်ထုတ်ပြန်ထားပြီး သူဟာ DMG သတင်းဌာနမှာ သတင်းထောက်အဖြစ် ၂၀၂၁ ခုနှစ်ကနေ သေဆုံးတဲ့အထိ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

DMG သတင်းဌာနက “သူက စိတ်ထားကောင်းပြီး အေးဆေးနေတတ်တဲ့ သတင်းထောက်မျိုးပါ။ အလုပ်ကိုလည်း အာရုံစိုက်လုပ်တတ်ပါတယ်။ သူအခုလိုမျိုး ရုတ်တရက်သေဆုံးသွားတာမယုံကြည်နိုင်ပါဘူး။ ကျနော်တို့အားလုံး စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ပြောပါတယ်။

ကိုနိုင်လင်းအောင် သေဆုံးချိန်မှာ အသက် (၂၅) နှစ်ရှိပြီဖြစ်ကာ ဆိုင်ကယ်မတော်တဆဖြစ်ချိန်မှာ ဦးခေါင်း ထိခိုက်သွားတာကြောင့် စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့် ၁ ရက်ကြာတဲ့အထိ သတိမရဘဲ ဖြစ်နေရာကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရန်ကုန်ကိုပို့ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ သတင်းထောက် ကိုနိုင်လင်းအောင် (ခ) ကိုညီနိုင်ကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၂ နာရီ စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှာ သဂြိုဟ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #DMGသတင်းထောက် #မတော်တဆမှုနဲ့ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW