ပခုက္ကူက ဆန်ကုန်သည် ၁ ဦးကို အမည်မသိသူတွေက ဖမ်းဆီးသွား

ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေထိုင်တဲ့ ဆန်ကုန်သည် တဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီဝန်းကျင်က အမည်မသိသူတွေကနေ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတယ်လို့ ပခုက္ကူမြို့ခံ ကုန်သည်ပွဲစားတွေဆီက သိရပါတယ်။

” ပခုက္ကူမှာက ကုန်သည်ပွဲစားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မကြာခဏ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေဖြစ်တယ် ၊ ဒီမနက် ၇ နာရီဝန်းကျင်မှာ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုး ဆိုသူကို အမည်မသိ သေနတ်ကိုင်ထားသူ လူငယ် ၃ ယောက်က အိမ်ထဲဝင်ပြီး ဖမ်းသွားတယ် ၊ အဲ့ဒီ အပြင် အိမ်က ဆိုင်ကယ် ၁ စီးနဲ့ ဖုန်းပါ ယူသွားတယ်”လို့ ပခုက္ကူမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။

ပခုက္ကူမြို့ခံ သီးနှံကုန်သည်တယောက်က ” အမှတ် ၁၀ ရပ်ကွက်က လမင်းဆန်ပွဲရုံပိုင်ရှင် ဦးအောင်မိုး ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ် ၊ သူ အဖမ်းခံရပြီး ၁ နာရီလောက်ကြာတော့ လုံခြုံရေးအဖွဲ့တွေ လာစစ်ဆေးတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာနားက Myanmar Effort Company Limited အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ၂ ဦးဟာ ​အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ အဲ့ဒီ စက်ရုံအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ပေါ်က ကုန်သည်ပွဲစား တချို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး မြို့ခံ ကုန်သည်ပွဲစားတယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၅ ရက်နေ့က ပခုက္ကူ အမှတ် ၉ ရပ်ကွက်နဲ့ ၁၀ ကြားက ဆီစက်နဲ့ ပွဲရုံလုပ်ငန်းရှင် တယောက် ပျောက်ဆုံးနေတယ် ၊ အဲ့ဒီလို မဖြစ်ခင် လပိုင်းအလိုက သူ့ဆီကို ဖုန်း SMS တွေပို့ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်ခံရတယ် ၊ စာတွေပို့ပြီး ပိိုက်ဆံတောင်းတယ် ၊ အဲ့ဒါကြောင့် သူတို့မိသားစုဟာ အိမ်မှာ မနေရဲတော့ဘဲ ၊ အိမ်ပေါက်ပိတ်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားပုန်နေတယ် ၊ အဲ့ဒီကနေ ပျောက်သွားတာ ၊ မျက်မြင်တချို့က ပြောတာက ရဲဝတ်စုံနဲ့ သူ့ကိုလာဖမ်းသွားတယ် ၊ ရဲက အတုလား ၊ အစစ်လားဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။

၂၀၂၂ တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ အဖမ်းခံရပြီး အသတ်ခံထားရတဲ့အလောင်းကိုသာ ပြန်တွေ့ခဲ့ပါတယ်။

ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦးလည်း ဖမ်းဆီးခံရပြီး သူ့ကိုယ်တော့ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW