CNG ဂတ်စ် မသန့်တာကြောင့် YBS ယာဉ်အစီးရေ အပြည့်မထွက်နိုင် ဖြစ်နေရ

ဖေဖော်ဝါရီ ၆ – ၂၀၂၃
SN (VOM)

CNG ဂတ်စ် မသန့်တာကြောင့် YBS ယာဉ်လိုင်းတွေ ယာဉ်အစီးရေ အပြည့်မထွက်နိုင်ဘူးဖြစ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု၊ ဆီဖြည့်စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုနဲ့ CNG မသန့်ခြင်းတို့ကြောင့် YBS ယာဉ်တွေအတွက် ယာဉ်မောင်းနှင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် ယာဉ်အစီးရေ ဖြေလျော့ ပြေးဆွဲနေရတာဖြစ်တယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။

“အခုက CNG ထဲမှာ နည်းနည်း မသန့်တာလေး ပါသွားလို့ ပြန်ပြီး စိစစ် ပြန်ထုတ်နေရတာကြောင့် နည်းနည်းလေး ကြာသွားတာပါ။ လျှော့ချ ပြေးဆွဲနေရတာတော့ မဟုတ်ပါဘူး။ နည်းနည်းချင်း ဖြေလျော့ရတာပါ။ CNG မသန့်တော့ ပရက်ရှာနည်းပြီး ဂတ်စ်မရတာပေါ့။ ပြီးတော့ လက်ရှိ ဂတ်စ်ထည့်ထားတဲ့ ကားတွေကလည်း ထည့်ထားပြီး လီဗာနင်းမရဘူးဖြစ်နေတယ်။ အဲ့ဒီတော့ သန့်တာပြန်ထည့်ပြီးတော့ အများဆုံးတော့ ထွက်ပေးနိုင်အောင် စိစစ်ပေးထားပါတယ်။ MOGE နဲ့လည်း ညှိပြီးဆောင်ရွက်နေပါတယ်”လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၂ ဆိုင်ရှိရာ YBS ယာဉ်တွေအနေနဲ့ ၃၂ ဆိုင်မှာ CNG ဖြည့်တင်းနေရတာကြောင့် သီးသန့်ဖြည့်တင်းနိုင်ဖို့အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲထံ တင်ပြထားတယ်လို့ သိရပါတယ်။

YBS ယာဉ်တွေအတွက် CNG ဖြည့်နိုင်ဖို့ သီးသန့်ဆိုင်တွေ လုပ်ဆောင်ပေးနိုင်ရင် Gas တန်းစီဖို့အချိန် လျော့နည်းသွားနိုင်ကာ ပိုမိုအဆင်ပြေနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

“ကျွန်တော်ဆို မနေ့ကည ၈ နာရီကတည်းက ဂတ်စ်သွားတန်းတာ၊ ဒီမနက် ၄ နာရီမှ ဂတ်စ်ရတယ်။ တခြားကားတွေလည်း အဲ့ဒီလိုပဲ။ ဂတ်စ်ဆိုင်မှာပဲ အချိန်ကုန်နေရတာ။ လိုင်းကား တော်တော်များများက CNG ဆိုင်မှာ အကုန်ပြုံပြီးရောက်နေတော့ လမ်းပေါ်မှာ ကားမရှိဘူးဖြစ်နေတာပေါ့။ စနစ်တကျနဲ့ YBS ယာဉ် သီးသန့် သတ်မှတ်ပေးနိုင်ရင်တော့ ပိုအဆင်‌သွားမှာ‌ပေါ့“လို့ YBS ၂၄ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောပါတယ်။

ဂတ်စ်ရရှိပါက YBS ယာဉ်တွေအနေနဲ့ အမြန်ဆုံးပြန်လည် ပြေးဆွဲပေးမှာဖြစ်တယ်လို့ ပြောကြားထားပေမယ့် ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းအချိန်အထိ YBS ယာဉ် ပြေးဆွဲမှုတွေ နည်းပါးလျက်ရှိနေပါသေးတယ်။

“CNG က တန်းစီရတာကြာတယ်။ ကျွန်တော်တို့ထည့်လိုက်တဲ့ CNG က ကားထဲထည့်လိုက်ပြီးမောင်းမရဘူးဖြစ်တော့ ပြန်ပြီးထုတ်ပြီး နောက်တခုထပ်ထည့်ရတယ်။ အဲ့ဒီလိုတွေနဲ့ပဲ အချိန်တွေကြာသွားတာပေါ့။ အဲ့ဒါကြောင့် လက်ရှိ ယာဉ်အစီးရေ ပြေးဆွဲပေးနိုင်မှုက ပုံမှန်ထက်စာရင်တော့ တလိုင်းမှာ အစီးရေ ၁၀ စီးလောက် လျော့သွားတယ်“လို့ လူထုမိတ်ဆွေယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ ဂတ်စ်ဖြည့်တင်းချိန် ကြာမြင့်မှုကြောင့် CNG ဆိုင်တွေမှာ ကားတန်းရှည်နဲ့ စောင့်​ဆိုင်း​နေရမှု‌တွေ ဖြစ်ပေါ်လျက် ရှိနေပါတယ်။

အခုလို ယာဥ်လိုင်းတွေမှာ သတ်မှတ်ယာဉ်အပြည့် မထွက်နိုင်တဲ့အတွက် ခရီးသည်တွေအနေနဲ့ လက်ရှိမှာ ယာဥ်ရှားပါးမှုပြဿနာတွေ ကြုံတွေ့နေရပြီး YBS ယာဉ်တစီးလာရန်ကိုပင် အချိန်နာရီနဲ့ချီကာ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။

“ကားတွေက တစီးနဲ့တစီး လာဖို့ကို အချိန် တနာရီကျော်ကြာအောင် စောင့်ရတယ်။ မှတ်တိုင်တိုင်းလိုလိုမှာလည်း ကားစောင့်နေကြတာ လူတွေအပြည့်ပဲ။ အခုနောက်ပိုင်းက လိုင်းကားပိုရှားလာတယ်။ မီးတွေပျက်တာကြောင့်လည်းပါမှာပေါ့။ အခုက မီးက လာချိန်ထက် ပျက်ချိန်က ပိုများနေတာ။ လာသမျှကားတိုင်းကလည်း ခြေချစရာနေရာတောင်မရှိဘူး။ လူတွေပြည့်ကြပ်နေတာ။ အရမ်းကို ဒုက္ခရောက်ရတယ်။ အဆင်ပြေတာတခုမှ မတွေ့သေးဘူး“လို့ ပြည်သူတဦးက ပြောပါတယ်။

လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော် ပြေးဆွဲနေပြီး နေ့စဉ်လူဦးရေ သိန်းနဲ့ချီကာ သွားလာရေးအတွက် YBS ယာဉ်တွေကို အဓိကထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #CNG #YBS

Related posts

Leave a Comment

VOM News

FREE
VIEW