ရန်ကုန်မှာ တရက်တည်း မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ (၁)ဦးသေဆုံး၊ (၅)ဦးခန့် ဒဏ်ရာရ

ဖေဖော်ဝါရီ ၉ – ၂၀၂၃
SN (VOM)

ရန်ကုန်က မြို့နယ်(၆)မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် တရက်တည်း မနက်ပိုင်းကနေ ည ၇ နာရီခွဲကျော်အထိ မီးလောင်မှု(၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား(၁)ဦးသေဆုံးကာ (၄)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။

မနေ့ မနက် ၁၀ နာရီ ၂၉ မိနစ်ခန့်က စတင်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် Samsung Service စင်တာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒလမြို့နယ်၊ အလုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်းမှု ဖြစ်စဥ်တွေထဲမှာ ည ၇ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ ၆ လွှာ တိုက်ခန်း မီးလောင်ကျွမ်းမှုမှာ အသက် ၄၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးမှာ မီးခိုးမွှန်တဲ့အရှိန်နဲ့ သတိလစ် မေ့မျောခဲ့​တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်ပြင်ကို ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပရဟိတအဖွဲ့က လူငယ် ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တာ‌ကြောင့် သူတို့‌အားလုံးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ အဲ့ဒီမီးလောင်မှုဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အလုံက တောင်ဥက္ကလာနဲ့ပြိုင်တူ တခါတည်းလောင်တာ။ ပြီးတော့ အလုံမှာလောင်တာက တိုက်ခန်းထဲ ပိတ်မိနေတာရှိတော့ ထိတဲ့သူကထိတာပေါ့။ တယောက်သေတယ်။ မှန်ခွဲပြီး ဝင်ရတာဆိုတော့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ အောက်ဆီဂျင်ပြတ်တဲ့သူတွေလည်း ရှိတယ်“လို့ သူက ပြောပါတယ်။

အလုံမီးလောင်မှုမှာ သေဆုံးခဲ့သူဟာ အခန်းထဲ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ဆေးရုံမှာ ဆေးကုမှုခံယူရင်း သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ည ၇ နာရီ ၃၈ မိနစ်ခန့်က ဖြစ်ပွားခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်း (၁) ၊ သရဖီလမ်း မီးလောင်ကျွမ်းမှုတွင်လည်း အမျိုးသားတဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သင်္ဃန်းကျွန်း၊ စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ဒေသခံပရဟိတအသင်းကနေ သိရပါတယ်။

ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒလမြို့နယ်၊ ဒလသင်္ဘောကျင်းအနီး၊ သင်္ဘောမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာတော့ လောင်ကျွမ်းခဲ့တဲ့ သင်္ဘောဟာ ဒလဖက်မှာရပ်တန့်ထားပြီး ​​ဒေါက်တင်ထားတဲ့ သုံးထပ်သင်္ဘောတစီးဖြစ်ကာ အ​ပေါ်ဆုံးထပ်နဲ့ ဒုတိယထပ် မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နေရာအနှံ့ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လျှပ်စစ်မီးများ၊ ရေမော်တာများ၊ မီးလောင်ကျွမ်းနိုင်တဲ့ ပစ္စည်းများကို ဂရုတစိုက်သုံးစွဲကြဖို့ လိုအပ်တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက သတိပေးပြောကြားထားပါတယ်။

“မီးမလောင်အောင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ဖို့ လို့အပ်ပေမယ့် အခုက မီးက လာလိုက်ပျက်လိုက်ဆိုတော့ မီးအားဆောင့်တက်တာရှိတယ်။ ပြောရမယ်ဆိုရင် မီးခဏခဏလာ၊ မီးခဏခဏ ပျက်နေလို့ ဝိုင်ယာရှော့တွေဖြစ်တာများနေတာ။ EPC ကဏ္ဍကျတော့ မီးမလောင်အောင် ဘယ်လိုမှ ဂရုစိုက်လို့မရဘူး။ လျှပ်စစ်ဆိုတာ ပုံမှန်စီးနေရင် ဘာမှမဖြစ်ဘူး။ အခုက မီးခဏခဏပျက်လို့ ဖြစ်တာပါ“လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့ဟာ မီးလောင်မှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးဆဲ ဖြစ်တယ်လို့ သိရပါတယ်။

VOM ရဲ့လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရန်ကုန်တိုင်းအတွင်း မီးလောင်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ (၄)ဦးသေဆုံးခဲ့ကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရန်ကုန်တိုင်းအတွင်း မီးလောင်မှု (၂၂၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ (၂၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW