MOU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ပြီလို့ သိရ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၃
SN (VOM)

MoU လုပ်သားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေ အချက်အလက် အစုံအလင်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ပြီလို့ နီးစပ်ရာအသိုင်းအဝန်းက သိရပါတယ်။

“အခု ဖေဖော်ဝါရီလကစလို့ MOU စနစ် နဲ့ PJ လုပ်မဲ့သူ များကို Passport ပြန်လည်လုပ်ဆောင်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် အခုလို စာရင်းပေးပို့ရမယ့်အထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ Black List သွင်းထားတဲ့ အေဂျင်စီ ၁၃၃ ခု မပါဝင်ဘူးလို့ သိရပါတယ်။ သူတို့ခွင့်ပြုထားတဲ့ အေဂျင်စီတွေကနေ သက်ဆိုင်ရာဌာနကို အထောက်အထားအစုံနဲ့ စာတင်ရမယ်လို့ သိရပါတယ်“ လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

MOEAF ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အလုပ်ခေါ်စာနဲ့ စေလွှတ်မယ့် အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံလက်မှတ်ကူး လျှောက်ထားရာမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ black list သွင်းထားတဲ့ အေဂျင်စီ (၁၃၃) ခုမှ အပ ကျန်အေဂျင်စီများအနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားမယ့် စာရင်းကို Pyidaungsu Font အသုံးပြုကာ Excel File နဲ့ ပေးပို့ကြဖို့ အသိပေးအကြောင်းကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က အလုပ်ခေါ်စာနဲ့စေလွှတ်မယ့် အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့ )ပြုလုပ်ခွင့် အားလုံးကို ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့လို ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်း နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ အမည်စာရင်း ပေးပို့ရမည့်နေ့ရက်တွေကို အသိပေးအကြောင်းကြားခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို MOEAF က ဇန်နဝါရီ ၂၆ ရက်မှာ ထပ်မံ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ထပ်မံထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီး အလုပ်ခေါ်စာနဲ့စေလွှတ်မယ့်အလုပ်သမားတွေအတွက် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ ဇန်နဝါရီ ၂၆ ရက်နေ့နဲ့ ၃၀ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ MOEAF ရုံးချုပ်ကိုပေးပို့ အကြောင်းကြားဖို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများထံ အကြောင်းကြားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာနဲ့ စေလွှတ်မယ့် MoU အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားမယ့်သူတွေရဲ့အမည်စာရင်းကို ပေးပို့ထားပြီး ပြည်ပထွက်ခွာခွင့် ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံကူးလက်မှတ် #MOUနဲ့ဗုဒ္ဓဂါယာဘုရားဖူး

Related posts

Leave a Comment

VOM News

FREE
VIEW