မင်္ဂလာဒုံ အမှတ် (၃)လမ်းမပေါ်မှာ ကား(၃)စီးဆင့်တိုက်၊ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၃)လမ်းမကြီးပေါ် မှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်က ကား(၃)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ(၂ )ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အမှတ် (၃) လမ်းမကြီးပေါ်ရှိ ညောင်ပင်မှတ်တိုင်အနီးမှာ တက္ကစီ၊ ဟိုက်ဂျက်နဲ့ ဖယ်ရီကားတို့ ၃ စီး ဆင့်တိုက်ခဲ့တာဖြစ်ပါတယ်။

“တက္ကစီနဲ့ ဟိုက်ဂျက်နဲ့ တိုက်မှုဖြစ်ပွားတယ်။ ဟိုက်ဂျက်က အတိုက်ခံရပြီးတဲ့အချိန်မှာ လမ်းဘေးကိုထိုးကျသွားပြီးတော့ လမ်းဘေးမှာ ညအိပ်ရပ်နားထားတဲ့ ဖယ်ရီကားကိုတိုက်မိတာပါ။ ဟိုက်ဂျက်ပေါ်မှာ နောက်ကလိုက်ပါလာတဲ့ အမျိုးသား ၂ ဦး လွင့်စင်ထွက်ကျတယ်။ သူတို့နှစ်ယောက်က ဆေးရုံပို့နေစဉ်မှာပဲ လမ်းမှာသေဆုံးသွားတယ်။ အဲ့ဒီကားက ယာဉ်မောင်းကတော့ ဒဏ်ရာရသွားတယ်“ လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်အားဖြင့် ၂၅ နှစ် ဝန်းကျင်ရှိပြီး လက်ရှိမှာ ‌သူတို့ရဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူကို မြောက်ဥက္ကလာ မေဓါဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီမှာလည်း အမှတ် (၃) လမ်းမ၊ ၃၃၃ မှတ်တိုင်အနီး ကား ၃ စီးဆင့်တိုက်မှုဖြစ်ပြီး ဒိုင်နာ၊ ဟိုက်ဂျက်နဲ့ တရုတ်ကားတို့ တိုက်မိခဲ့တာကြောင့် ဟိုက်ဂျက်ပေါ်က အသက် ၉ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးကာ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၄ ရက် မနက် ၇ နာရီဝန်းကျင်ကလည်း အမှတ် (၃) လမ်းမ၊ ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဆိုင်ကယ်နဲ့ကားတိုက်မှုဖြစ်ရာက ဆိုင်ကယ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အဲ့ဒီဆိုင်ကယ်ကို မောင်းနှင်လာတဲ့ သက်ကြီးပိုင်းအမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Photo – ပုလဲအရန်မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW