ယူကရိန်းမှာ ရုရှားရဲ့အကြီးအကျယ်ထိုးစစ်ဆင်မှု စတင်နေပြီလို့ နေတိုးအကြီးအကဲ သတိပေး

 

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု နှစ်ပတ်လည်မတိုင်မီရက်ပိုင်းအလိုမှာ ရုရှားက အကြီးအကျယ်ထိုးစစ်ဆင်မှုကို စတင်နေပြီလို့ နေတိုးအကြီးအကဲ ယန်းစတိုတန်ဘာ့က သတိပေးပြောဆိုလိုက်ပါတယ်။

ယူကရိန်းမှာ ရုရှားတပ်တွေ၊ လက်နက်တွေနဲ့ စွမ်းရည်တွေပိုတိုးလာတာကို တွေ့နေရပြီး ဒါဟာ ထိုးစစ်သစ်တခု စတင်ခြင်းဖြစ်တယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။

လအတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ယူကရိန်းနိုင်ငံ ဘက်ခ်မွတ်မြို့မှာ ရုရှားရဲ့ထိုးစစ်စတင်နေပြီး ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ ပြင်းထန်တဲ့ မြေပြင်ပစ်ခတ်တိုက်ခိုက်မှုတွေအောက်မှာ ရုရှားရဲ့ထိုးစစ်သစ်ကို အပြင်းအထန်ခုခံကာကွယ်နေရပါတယ်။

ယူကရိန်းတပ်တွေဟာ ခါခိဗ်ဒေသက စခန်းတခု၊ လူဟန့်ခ်ဒေသက နေရာငါးခုနဲ့ ဘက်ခ်မွတ်အပါအ၀င် ဒွန်တက်ခ်ဒေသက နေရာခြောက်ခုတို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။

ဘက်ခ်မွတ်ဒေသဟာ ရုရှားသမ္မတပူတင်အတွက် အဓိကရည်မှန်းချက်ဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒွန်တက်ခ်ဒေသမှာ ခြေကုပ်နေရာသစ်ရရှိမှာဖြစ်သလို လအတန်ကြာအရေးနိမ့်နေတဲ့ ရုရှားတပ်တွေအတွက် အောင်ပွဲတခုဖြစ်လာစေမှာပါ။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW