အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းလျှို့ဝှက်ခရီးစဉ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ဒီခရီးစဉ်အကြောင်း ပြောရမယ်ဆိုရင်တော့ ဒါဟာအမေရိကန်သမ္မတ တယောက်အတွက် အရင်ကမကြားခဲ့ဖူးတဲ့ ရဲရင့်တဲ့ ခရီးစဉ်လို့ ပြောရမှာဖြစ်ပါတယ်။

ပုံမှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ စစ်မြေပြင်တစ်နေရာကို လုံခြုံရေးနည်းပါးစွာနဲ့ မကြေညာဘဲ သွားရောက်မှုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း အတိအလင်း ဖော်ပြမှုလည်းဖြစ်ပါတယ်။

ယခင်က စစ်မက်ဖြစ်ပွားနေတဲ့ အီရတ်၊ အာဖဂန်နစ္စတန်တို့ကို အရင်ကအမေရိကန်သမ္မတတွေ သွားရောက်ခဲ့ချိန်တုန်းက စစ်ရေးအင်အားအပြည့်နဲ့ လုံခြုံရေးရယူခဲ့တာဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းခရီးစဉ်ကတော့ မှင်တက်အံ့သြစေခဲ့ပါတယ်။

သမ္မတဟာ ပိုလန်ကိုသွားမယ့်ခရီးစဉ်ကို အိမ်ဖြူတော်က ကြိုတင်ကြေညာထားပေမယ့် ယူကရိန်းကိုသွားမယ်လို့ ထင်မှတ်မထားကြပါဘူး။

အဲဒီနောက် ယူကရိန်းသမ္မတဇီလန်စကီးနဲ့အတူ လေကြောင်းတိုက်ခိုက်မှု သတိပေးသံတွေထွက်ပေါ်နေတဲ့ကြားက ကိဗ်ယက်မြို့လယ်ကောင်မှာ အတူထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ အန္တရာယ်များတဲ့ခရီးစဉ်ဖြစ်ပေမယ့် ယူကရိန်းအတွက် အမေရိကန်ရဲ့ ကတိက၀တ်တွေပြုထားတဲ့အပေါ် ဘယ်သူမှ သံသယမရှိသင့်တော့ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတဦးက ပြောပါတယ်။

မစ္စတာဘိုင်ဒင်ဟာ အမေရိကန်ကနေ ပိုလန်နိုင်ငံ ဝါဆောမြို့ကို ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ ထွက်ခွာဖို့ စီစဉ်ထားခဲ့ပြီး ယူကရိန်းကို သွားရောက်မှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ယက်ကိုသွားဖို့ ဆုံးဖြတ်ချက်ကို သမ္မတရဲ့လက်ထောက် လက်တဆုတ်စာနဲ့သာ လအတန်ကြာကတည်းက လျှို့ဝှက်စီစဉ်ခဲ့တာဖြစ်ပေမယ့် ဖေဖော်ဝါရီ ၁၇ ရက်မှသာ အပြီးသတ် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်အချိန်ဇယားမှာလည်း သမ္မတဂျိုးဘိုင်ဒင်ဟာ ဖေဖော်ဝါရီ ၂၀ ရက်ည ၇ နာရီမှာ ပိုလန်ကိုဦးတည်သွားရောက်နေကြောင်းသာ ဖော်ပြထားပါတယ်။

ဒါပေမယ့် သမ္မတရဲ့ အဲဖို့စ်၀မ်းလေယာဉ်ဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၄ နာရီ ၁၅ မိနစ်ကတည်းက ဝါရှင်တန်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

သမ္မတလေယာဉ်ပေါ်မှာတော့ အရင်းနှီးဆုံးလက်ထောက်တွေ၊ ဆေးအဖွဲ့နဲ့ လုံခြုံရေးအရာရှိနည်းနည်းသာပါတဲ့ အဖွဲ့ငယ်သာပါ၀င်ပါတယ်။ သတင်းထောက်နှစ်ဦးကတော့ သမ္မတလေယာဉ်ပေါ်မှာ လိုက်ပါခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ခရီးစဉ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ထားဖို့ ကျမ်းကျိန်ခဲ့ရပြီး သူတို့ရဲ့လက်ကိုင်ဖုန်းတွေကိုလည်း အသုံးပြုယူဆောင်ခွင့်မရခဲ့သလို ယူကရိန်းနိုင်ငံ ကိယက်ဗ်ခရီးစဉ်ပြီးတဲ့အထိ သတင်းရေးသားခွင့်မပြုခဲ့ပါဘူး။

မစ္စတာဘိုင်ဒင် မထွက်ခွာမီနာရီပိုင်းအလိုမှသာ အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရုရှားဘက်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ဟာ သွားရေးလာရေးလွယ်ကူသလို လုံခြုံမှုရှိတဲ့ ယူကရိန်းက အခြားမြို့တွေကို သွားရောက်နိုင်ပေမယ့် ယူကရိန်းကို အမေရိကန်ရဲ့ထောက်ခံမှု အထူးပြသလိုတာကြောင့် မြို့တော်ကိယက်ဗ်ကို ၁၀ နာရီကြာ ရထားစီးသွားရောက်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကို အမေရိကန်ရဲ့ထောက်ခံမှု နည်းပါးလာတယ်ဆိုတဲ့ သဘောထားစစ်တမ်းတွေ ထွက်ပေါ်နေပေမယ့် သမ္မတဟာ အမေရိကန်ပြည်သူတွေနဲ့သာမက ကမ္ဘာ့ကလူတွေနဲ့ပါ စကားပြောနေတာဖြစ်တယ်လို့ အိမ်ဖြူတော်ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒင် ဖေဖော်ဝါရီ ၂၀ ရက်က ကိဗ်ယက်မှာပြောတဲ့စကားတွေဟာ ယူကရိန်းကို အမေရိကန်က ဘယ်လောက်ကြာအောင် ထောက်ပံ့ပေးနိုင်မလဲဆိုတဲ့ ရီပတ်ဘလီကန်တွေရဲ့ ဝေဖန်မှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တာလည်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ပထမဆုံးနှစ်ပတ်လည်မတိုင်ခင်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုသွားရောက်ခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အမြောက်တွေအပါအ၀င် လက်နက်ခဲ့ယမ်းမီးကျောက် ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းထပ်ပေးမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

ဒါ့အပြင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူကပြောပါတယ်။ ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အမေရိကန်က မယိုင်းမယိုင်ထောက်ခံနေကြောင်း ပြသတဲ့ အံ့အားသင့်ဖွယ် ခရီးစဉ်တခုဖြစ်ပါတော့တယ်။

Ref: BBC, Reuters
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW