ကုန်သွယ်လမ်းကြောင်းသွားမယ့် ကားတွေ QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရ

ဖေဖော်ဝါရီ ၂၂-၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရာ လမ်းကြောဘက်သွားမယ့် ကုန်တင်ကားတွေ အခုရက်ပိုင်းအတွင်း ကုန်သယ်ဆောင်ခွင့် QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

လက်ရှိ လားရှိုးရုံးက ထုတ်ပေးနေတဲ့ ကုန်သယ်ဆောင်ခွင့် QR Code ကို စောင့်ဆိုင်းနေတာ အချိန်အတော်ကြာနေတယ်လို့ ကျင်စန်းကျော့ဘက် ကုန်တင်ပို့မယ့် ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။

“ဒီနေ့ဆို တစ်ည အိပ် နှစ်ရက် ဖြစ်ပြီလေ။ စနေ၊ တနင်္ဂနွေက လာတင်ထားတဲ့ ကားတွေလည်း ဒီမှာ လာပုံနေတယ်။ တနင်္လာနေ့ကလည်း ရုံးပိတ်တဲ့။ အင်္ဂါနေ့မှ လိုင်စင်ကျတော့ ကားတွေ အရမ်းပုံနေတာ။”လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာဝန်ထမ်းတွေက ကားစာရင်းတွေ၊ ကားပုံတွေ ယူပြီး လားရှိုးရုံးကနေ နေပြည်တော််ကို လှမ်းတင်ကာ နေပြည်တော်က ခွင့်ပြုမိန့်ကျလာမှ လားရှိုးမှာ QR Code မူရင်းကို ထုတ်ပေးတာလို့ သိရပါတယ်။

မူရင်းကို ကားသမားတွေ ယူသွားရမှာဖြစ်ပြီး ဂိတ်တွေမှာ မူရင်းကို Scan ဖတ်ပြီးရင် မိတ္တူပေးခဲ့ ရမှာဖြစ်ကာ မူရင်းကိုတော့ ၁၀၅ မိုင် အထိ ယူသွားရမှာလို့ သိရပါတယ်။

“အရင်တုန်းက စာရွက်နဲ့ ဘောပင် နဲ့ ဖြည့်လိုက်ရင် ရပြီလေ။ ပြောင်းတင်ရင် တင်မယ်။ ဒါပေမယ့် ဆန်လို့ ရေးထားမယ်။ သူတို့က အထက်ကို မတင်ပြဘူးလေ။ အခုက မရတော့ဘူးလေ။ အမှန်အကန် လုပ်ခိုင်းတာ။ ကျနော်တို့ မြင်နေတာပဲ လုပ်စားနေကြတာ၊အရင်ကတည်းက အမှန်အကန် အခွန်ဆောင်ပြီး သွားတဲ့သူတွေကတော့ ဒီလို QR Code နဲ့ လုပ်လိုက်တာ ပိုကောင်းပေမယ့် ကုန်တင်ပြီး ရက်နဲ့ချီစောင့်ဆိုင်းရတာက ကားသမားတွေအတွက် အချိန်ကြာပြီး အခက်အခဲ ဖြစ်‌စေတယ်။”လို့ ပို့ကုန်တင် ကားသမား ၁ ဦးကလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစ ကုန်ပစ္စည်းသယ်ဆောင်ခွင့် (QR Code) ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုတဲ့ စနစ်ကို အပြည့်အဝ အသုံးပြုဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ QR Code အတွက် ယာဉ်တစ်စီးကို ကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက် ရက်စွဲနဲ့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီစနစ်ကို နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပပို့ကုန်တင်ပို့ရာမှာ အသုံးပြုမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာစာမှာ ဖော်ပြထားပေမယ့် လားရှိုးမှာတော့ ပြည်တွင်းကုန်တွေနဲ့ ကားသေးတွေပါအကုန် အိတ် ဆယ်လုံးကအစ QR Code လျှောက်နေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

Photo: Thiha
#voiceofmyanmar #VOM #လားရှိုး #ကုန်သယ်ဆောင်ခွင့်QRcode #ရက်ချီစောင့်ဆိုင်းနေရ

Related posts

Leave a Comment

VOM News

FREE
VIEW