မိသားစုနဲ့ ကားအောက်မှာအတူအိပ်နေရင်း ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် ကလေးကို သေဆုံးလျက်ပြန်တွေ့

ဖေဖော်ဝါရီ ၂၂ -၂၀၂၃
GG(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့က New Day ဆီဆိုင်မှာ ညဘက် ဆီချပြီးနောက် ကားအောက်မှာ ဖခင်အပါအဝင် မိသားစုလိုက်အတူအိပ်နေရာကနေ ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူကို ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက် မနက်စောက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကလေးငယ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၈ ရက် ညပိုင်းကတည်းက ပျောက်ဆုံးတာဖြစ်ပြီး ၄ ရက်အကြာမှာ အဲ့ဒီဆီဆိုင်နဲ့ကပ်လျက် အာဇာနည်ဗိမာန်ထဲက ရေကန်ထဲမှာ သေဆုံးနေတာတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။

” အခုမနက်ပဲ ကလေးအဖေဖုန်းဆက်လာတာ၊ပြန်တွေ့ပြီပေါ့ ရေကန်ထဲမှာ၊ အဲ့ဒီရေကန်က ဆီဆိုင်နဲ့ကပ်လျက်ပဲလေ၊ကလေးက ယောင်ပြီးလျှောက်သွားမိလားမပြောတတ်ဘူး။ကလေးအဖေက မိသားစုကိုခေါ်လာတာ ပုဂံဘက်ဘုရားဖူးသွားကြမယ်ဆိုပြီးထင်ပါတယ်။ အိပ်တာကလည်း မိသားစုတွေအတူအိပ်နေရာကနေ ကလေးကပျောက်သွားတာ၊အိပ်နေကြတော့ဘယ်လိုထသွားလဲ မသိလိုက်ကြဘူးပေါ့ “လို့ ကူညီပေးခဲ့တဲ့ ပခုက္ကူမြို့ခံတဦးကပြောပါတယ်။

ကလေးငယ်ပျောက်ဆုံးပြီးကတည်းက မိသားစုလိုက် ပခုက္ကူကနေမပြန်ဘဲ ကလေးကိုလိုက်လံရှာဖွေခဲ့တာဖြစ်ကြောင်း၊ ကလေးမိသားစုဟာ ပဲခူးမြို့ကဖြစ်တယ်လို့ သိရပါတယ်။

ရေကန်ထဲကနေ ဆယ်ယူရရှိတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းရဲ့ ခန္ဓာကိုယ်​ပြင်ပမှာ ဒဏ်ရာမှ မတွေ့ရှိရတာကြောင့် ရေနစ်သေဆုံးခြင်းဖြစ်နိုင်ကြောင်းနဲ့လက်ရှိမှာ ကလေးငယ်ရုပ်အလောင်းကို ပခုက္ကူဆေးရုံ ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ပျောက်ဆုံးကလေး #သေဆုံးလျက်ပြန်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW