ဂရိမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်၀င်တိုက်မှုကြောင့် ၃၂ ဦးသေဆုံး

အေသင်၊ မတ်-၁-၂၀၂၃
မျိုးဆက်(VOM)

ဂရိနိုင်ငံမြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် လူ ၃၂ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီမတော်တဆမှုဟာ လာရစ်ဆာမြို့အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် ရှာဖွေမှုများလုပ်ဆောင်နေပါတယ်။

မီးသတ်သမား ၁၅၀ ဦးနဲ့ လူနာတင်ယာဉ် အစီး ၄၀ ခန့်အခင်းဖြစ်ရာနေရာမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် ကရိန်းတွေကိုအသုံးပြုလုပ်ဆောင်နေရကြောင်း အရေးပေါ်၀န်ဆောင်မှုဌာနကပြောပါတယ်။

ကုန်တင်ရထားနဲ့ ခရီးသည်တင်ရထားတိုက်မိမှုကြောင့် ခရီးသည်တင်ရထားရဲ့ ရှေ့တွဲလေးတွဲ လမ်းချော်သွားပြီး ပထမဆုံးနှစ်တွဲကတော့ လုံး၀နီးပါး ပျက်စီးသွားသည်အထိ မီးလောင်ကျွမ်းသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ခရီးသည်တင်ရထားပေါ်မှာ လူ ၃၅၀ ကျော်လိုက်ပါခဲ့ပြီး ရထားနှစ်စင်းတိုက်မိတဲ့ အကြောင်းရင်းကတော့ ရှင်းလင်းစွာမသိရသေးကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #အေသင်

Related posts

Leave a Comment

VOM News

FREE
VIEW