စစ်ကိုင်း၊မကွေး နဲ့ ချင်းပြည်နယ်မှာ ၁ လအတွင်း စစ်ခုံရုံးကနေ လူ(၅၉)ဦးကို အမြင့်ဆုံး ပြစ်ဒဏ်တွေချမှတ်ခဲ့

မတ် ၊ ၁ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ်အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကနေ ၂၈ ရက်အထိ ၁ လအတွင်း စစ်ဘက်ဆိုင်ရာ တရားရုံး (စစ်ခုံရုံး)ကနေ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့သူပေါင်း ၆၀ နီးပါးရှိတယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” စစ်ခုံရုံးနဲ့ အာဏာဝန်ဆံ့တဲ့ အရေးပေါ် ပြစ်မှု အမျိုးအစား ၂၃ မျိုး သတ်မှတ်ထားတယ် ၊ အဲ့ဒီအထဲက ပြစ်မှုထင်ရှားတဲ့သူ ၅၉ ဦးကို အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်တာ ဖြစ်တယ် ၊ တသက်တကျွန်း ပြစ်ဒဏ်တွေ ပါဝင်တယ်”လို့ တရားလွှတ်တော်ရှေ့နေ တယောက်က ပြောပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း” စစ်ကိုင်းတိုင်းမှာ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ကောလင်း ၊ ယင်းမာပင်၊ ဆားလင်းကြီး ၊ ပုလဲ ၊ မြောင် ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ရွှေဘို ၊ ဝက်လက် ၊ အရာတော် စတဲ့ (၁၄) မြို့နယ် ၊ မကွေးတိုင်းမှာက ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၊ ပေါက်၊ မြိုင် (၅) မြို့နယ်နဲ့ ချင်းပြည်နယ်က တီးတိန် ၊ တွန်းဇံ ၊ ဖလမ်း ၊ ကန်ပက်လက် ၊ မတူပီ ၊ ထန်တလန်နဲ့ ဟားခါး စတဲ့မြို့နယ် (၇) ခု ၊ အနောက်မြောက်တိုင်း နယ်နိမိတ်ထဲမှာ စစ်အုပ်ချုပ်ရေး (Martial Law) မြို့နယ် (၂၆) ခုရှိတယ် ၊ အဲ့ဒီမြို့နယ်တွေအထဲက ပြစ်မှုကျူးလွန်သူ ၅၉ ယောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက စစ်ခုံရုံးနဲ့ ကြားနာစစ်ဆေးပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ခုံရုံးကနေ အမြင့်ဆုံး ပြစ်ဒဏ်တွေ စီရင်ချမှတ်ခံရတဲ့ ပြစ်မှူ အမျိုးအစားတွေကတော့ အကြမ်ဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေအရ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မကွေး #ချင်း #စစ်ခုံရုံးအမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW