ထိုင်း တောင်ပိုင်းမှာ အထောက်အထားမဲ့သူတွေအပါအဝင် မြန်မာလုပ်သား(၁၁၈)ဦး ဖမ်းဆီးခံရ

မတ်၊၁-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင်မှာ မနေ့ ဖေဖော်ဝါရီ(၂၈)ရက်က နိုင်ငံသားအထောက်အထားမဲ့သူတွေအပါအဝင် တရားမဝင်လာရောက်တဲ့ မြန်မာအလုပ်သမား(၁၁၈)ယောက်ကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ မြန်မာအလုပ်သမား(၁၁၈)ယောက်ထဲက(၁၀၆) ယောက်ကို ပရာကျွတ် ခီရီခန်ခရိုင်ဘန့်စဖန်းဒေသ ဖက်က ဆန်လမ်းမဘေးမှာရပ်တန့်ထားတဲ့(၆)ဘီးတပ်အလုံပိတ် ကုန်တင်ကား(၁) စီးပေါ်ကနေ ဒေသခံတွေရဲ့သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့ကသွားရောက်ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကျန်တဲ့(၁၂) ယောက်ကိုတော့ ပရာကျွတ်ခီရီခန်ခရိုင်၊ ဟွေ့စိုင်းဒေသမှာရှိတဲ့ နာနတ်သီးခြံထဲမှာ ပုန်းနေ နေတာကို နယ်ခြားစောင့် ထိုင်းရဲတပ်ဖွဲ့ကတွေ့ရှိကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ မြန်မာအလုပ်သမား (၁၁၈)ယောက်ထဲက အများစုဟာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကလာတဲ့သူတွေလည်းပါတယ်လို့ သိရပါတယ်။

”အထောက်အထာမဲ့သူတွေလည်းပါတယ် ၊ အများစုက ရခိုင်ပြည်နယ်ကလာတာတဲ့ ၊ အရင်ဆုံးအဖမ်းခံရတဲ့ ၁၀၆ ယောက်က တနေရာ၊ သူတို့တွေကို သတင်းအရ သွားဖမ်းမိတာတဲ့၊ နောက်ထပ် ၁၂ ယောက်က သက်သက်နေရာပါ၊ နာနတ်သီးခြံထဲမှာ ပုန်းနေတာကို သွားဖမ်းတာ အားလုံး ၁၁၈ ယောက်၊ အားလုံးက တာခ့်ခရိုင် မဲဆောက်ဒေသကနေ တဆင့် ဝင်ရောက်လာတာ ဖြစ်တယ်တဲ့၊ တချို့က မလေးဘက်ကိုသွားမှာတဲ့၊သူတို့က တဦးကို ထိုင်းဘတ် ၂၅၀၀၀ အကုန်ကျခံပြီး ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်၊ ပွဲစားလာခေါ်မှာကို စောင့်ဆိုင်းနေရင်း အဖမ်းခံရတာတဲ့။”လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ကိုသက်ပိုင်ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ (၁၁၈)ယောက်ထဲမှာ အမျိုးသား(၈၂) ယောက် ၊ အမျိုးသမီး(၃၆)ယောက်ဖြစ်ပြီး စစ်ဆေးချက်တွေအရ မြန်မာအလုပ်သမားတွေကို ပွဲစားတဦးမှ ခေါ် ဆောင်လာခဲ့ခြင်းဖြစ်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို သွားဖို့ လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိသူတွေကို ဥပဒေအရဆက်လက်အရေးယူနိုင်ဖို့အတွက် ထိုင်းနိုင်ငံက လောဝမ်း ရဲစခန်းကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းကို မြန်မာဘက်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလအတွင်း တရားမဝင်လာတဲ့မြန်မာ အလုပ်သမား အယောက် ၈၀၀ လောက်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သား #အထောက်အထားမဲ့ #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW