စက်တင်ဘာ ၂၁ ၊ ၂၀၂၆
CC (VOM)
အဆောက်အဦဆောက်လုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်၊လက်မှတ် မရှိပဲ ဆောက်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ၊ ဒဏ်ငွေ သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရမယ်လို့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅၈ အရ သိပါတယ်။
ပုဒ်မှာ ၅၈ မှာ ပြဌာန်းထားတာက မည်သည့်တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဆိုပြီး ရေးထားပါတယ်။ အဲဒီအချက်ကို ဖောက်ဖျက်ကျုးလွန်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။
” အခု အင်ဂျင်နီယာတွေလဲ လက်မှတ် အပြေးအလွှားလုပ်နေရတယ် ။ အင်ဂျင်နီယာ မဟုတ်တဲ့လူတွေလဲ ကန်ထရိုက် လိုင်စင်နဲ့ Company ထောင်ဖို့ လုပ်နေရတယ် ဆောက်ပေးမယ့် လူကလဲ လက်မှတ်၊လိုင်စင်မရှိရင် ဆောက်ပေးခွင့်မရှိဘူး။ အိမ်ရှင်ကိုယ်တိုင်ဆောက်ရင်တောင်ဆောက်ပေးမယ့် တာဝန်ခံက လက်မှတ်ရှိရမယ်။ ရပ်ကွက်ထဲ ဆောက်တဲ့လူတွေလဲ လက်မှတ်လိုမယ်။ ကန်ထရိုက်တာလိုင်စင်။ Company လိုင်စင်လိုမယ်။ ” လို့ အင်ဂျင်နီယာ တယောက်က ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ အဆောက်အဦ ဆောက်လုပ်မယ့် အင်ဂျင်နီယာတွေအနေနဲ့ အင်ဂျင်နီယာကောင်စီလက်မှတ် နဲ့ စည်ပင်ကထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် ရှိဖို့လိုအပ်တယ်လို့ သိရပါတယ်။
အင်ဂျင်နီယာမဟုတ်တဲ့ အခြား ဆောက်လုပ်ရေးလုပ်ငန်းရှင် ၊ ကန်ထရိုက်တွေကတော့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ တရားဝင်မှတ်ပုံတင်ထားခြင်း ၊ အိုးအိမ်ဌာနက ထုတ်ပေးထားတဲ့ ကန်ထရိုက်တာလိုင်စင်၊ စည်ပင်ဌာနက ထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် လိုအပ်တယ်လို့ ကနဦးသိရပါတယ်။
ဒါပေမယ့် လက်ရှိမြေပြင်မှာက ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ခွင့်အတွက် လုပ်ငန်းလိုင်စင် ၊ လက်မှတ် လျှောက်ထားရာမှာ အသိအမှတ်ပြု လက်မှတ်ထုတ်ထုတ်ပေးမှုက ကြာမြင့်မှုရှိနေတာကြောင့် အဆင်မပြေကြဘူးလို့ သိရပါတယ်။
” အခုအနေအထားက အကုန် ဘေးကြပ်နံကြပ်ဖြစ်ကုန်တာပေါ့လက်မှတ်လုပ်ဖို့ ငွေလိုမယ်အချိန်စောင့်ရမယ်။” လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာအဆောက်အဦ ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင် ၊ လက်မှတ်ရှိမှ ဆောက်လုပ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ကြောင့် ကန်ထရိုက်တာတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ဒါအပြင် ပုဒ်မ ၅၉ အရလည်း မည်သူမျှ တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ရရှိရန် တင်ပြရာမှာ မမှန်ကန်တဲ အထောက်အထားတွေနဲ့ တင်ပြလျှောက်ထားပါကလည်း ငွေဒဏ် သိန်း ၁၀၀ ထက်မပိုသောငွေဒဏ် ဖြစ်စေ ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။
အလားတူ ပုဒ်မ ၆၀ အရ အဆောက်အအုံတည်ဆောက်ရာမှာလည်း မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံပါ အထပ်အမြင့် သို့မဟုတ် အထပ်အရေအတွက်ထက်ကျော်လွန်ပြီး တည်ဆောက်ပါက ထောင် ၃ နှစ်ချမှတ်ရမယ့်အပြင် ငွေကျပ်သိန်း ၂၀၀ ထက်မပိုသော ဒဏ်ငွေနဲ့ မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံထက် ကျော်လွန်တည်ဆောက်ထားတာကို ဖျက်သိမ်းရမယ်လို့ ပြဌာန်းထားပါတယ်။
ဓာတ်ပုံ – ဝန်ကြီးဌာန
