မိုးညှင်းမြို့နယ်မှာ တွဲကားနဲ့ ဆိုင်ကယ် တိုက်မိပြီး လူ ၃ ဦး သေဆုံး

မတ် ၊ ၃ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီး ၊ ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မနေ့ မတ်၂ ရက်က တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး လူ ၃ ဦး သေဆုံးသွားတယ်လို့ မိုးညှင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” စက်အင်ဂျင်အရှိန် မထိန်းနိုင်ဘဲ တွဲကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်တယ် ၊ သေဆုံးသူတွေက ဆိုင်ကယ်စီးလာတဲ့ ဘီလူးမြို့နယ် ၊ အင်းကုန်းကျေးရွာမှာနေတဲ့ ဦးကျော်ဆန်း ၄၀ နှစ်နဲ့ သူ့ရဲ့သား မောင်ကောင်းခန့်ပိုင် ၆ နှစ်အပြင် အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၁ ဦးဖြစ်တယ် ၊ တွဲကားမောင်းသူကိုတော့ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတယ် “လို့ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးညှင်းမြို့ခံ ကားသမား တယောက်က ” ကချင်ပြည်နယ်ထဲမှာက မြို့ဝင်မြို့ထွက်တွေမှာ ဖြတ်သန်းမောင်းနှင်ခွင့် အချိန် အကန့်အသတ်တွေ ရှိတယ် ၊ ဒီတော့ ကားသမား အများစုက အချိန်လုပြီး မောင်းရတာတွေရှိတယ် ၊ အဲ့ဒါကြောင့် အိုဗာစပိတွေ ဖြစ်ပြီး အရှိန် မထိန်းနိုင်ကြတာ ” လို့ ပြောပါသေးတယ်။

ယာဥ်တိုက်မှုမှာ သေဆုံးသွားတဲ့ သားအဖ ၂ ယောက်နဲ့ အမည်မသိ လူ ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက မိုးညှင်း ပြည်သူ့ဆေးရုံးဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း #ယာဥ်တိုက်မှု #လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW