စစ်တွေ ဆီဆိုင်တန်းမှာ မီးလောင်မှုဖြစ်ပြီး လူ တဦးဒဏ်ရာရကာ ဆီသိုလှောင်ရုံ တခု မီးလောင်ဆုံးရှုံး

မတ် ၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်းမှာ ဒီကနေ့ မနက် ၁၁ နာရီ မိနစ် ၄ဝ ကျော်လောက်က မီးလောင်မှုဖြစ်ပြီး မီးဝိုင်းဝန်းငြိမ်းတဲ့ ပြည်သူတဦး ဒဏ်ရာရရှိကာ စက်သုံးဆီသိုလှောင်ရုံတခု ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း စစ်တွေမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။

” မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။ ကျနော်တို့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်။” လို့ မီးသတ်ဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဥ်မှာ ဦးအေးကျော် စက်သုံးဆီအရောင်းဆိုင်က ဆီသိုလှောင်ရုံပါသွားတာလို့ ​မျက်မြင်မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတို့က ပြောပါတယ်။

” မီးလောင်တာဟုတ်ပါတယ်။ ပထမဆုံး မီးခိုးလိတ်တွေ တက်လာတာမြင်ရပြီး ပေါက်ကွဲသံတချို့လည်းကြားရပါတယ်။ ကျမတို့ အဲဒီကိုသွားကြည့်တော့ ဆီတန်းမှာ မီးလောင်တာလို့သိလိုက်ရပါတယ်။ လူတွေကအတော်ထိတ်လန့်သွားကြတယ်။” လို့ စစ်တွေမြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ သွေးအလှူရှင်အသင်းနဲ့ ပြည်သူတို့ ပူပေါင်းငြိမ်းသတ်မှုကြောင့် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ကား ၃ စီးနဲ့ ၁ နာရီခန့်ကြာငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဆောင်းရာသီကနေ နွေရာသီကို ကူးပြောင်းချိန်မှာ ရခိုင်ပြည်နယ်အတွင်း ဖေဖော်ဝါရီနဲ့ လက်ရှိမတ်လ ပထမပတ် မကုန်သေးခင်မှာ မီးလောင်မှုတွေ မကြာခဏဖြစ်လာတဲ့အတွက် မီးသတိထားကြဖို် မီးသတ်ဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးလောင်မှုတွေကြောင့် လူ (၃) ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ပြီး လက်ရှိ မတ်လအတွင်း မီးလောင်မှု(၂)ကြိမ်မှာတော့ ​နေအိမ်တွေနဲ့ စက်သုံးဆီသိုလှောင်ရုံတခု ဆုံးရှုံးထားတာဖြစ်တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့မှာ မနေ့ မတ်လ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၄ လုံး မီးထဲပါသွားတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW