ပင်လောင်းက စစ်ရှောင်(၅)ထောင်ဝန်းကျင် စားနပ်ရိက္ခာ နဲ့ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေ

မတ် ၄-၂၀၂၃
MM [VOM]

ရှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်က ဒေသခံ စစ်ရှောင်အယောက် ၅၀၀၀ ဝန်းကျင်အတွက် စားနပ် ရိက္ခာနဲ့ အသုံးအဆောင်တွေ အရေးပေါ်အကူအညီ
လိုအပ်နေတယ်လို့ သိရပါတယ်။

”ဆန်အပါအဝင် စားနပ်ရိက္ခာတွေနဲ့ အနွေးထည်၊ စောင်၊ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်၊ အခုသောက်သုံးရေတွေကလည်း ခမ်းခြောက်လာတယ်၊ ရေက စတင် ရှားပါလာပြီး အရေးပေါ်လိုအပ်နေတယ်၊ ဘာမှကို မရှိတာ ၊ စစ်ရှောင်က ၅၀၀၀ ကျော်မှာပဲရှိတယ် ၊ ဒီအတိုင်းဆို အကုန် ဒုက္ခရောက်တော့မှာ။”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တခုမှ တာဝန်ခံတယောက်က ပြောပါတယ်။

အခုလို အယောက် ၅၀၀၀ ကျော်အထိရှိလာတဲ့ စစ်ရှောင်တွေဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေဖြစ်တယ်လို့သိရပြီး တိုက်ပွဲတွေဟာ ဒီကနေ့အထိ ဖြစ်ပွားနေဆဲလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

”ပင်လောင်းမြို့နယ်ထဲက တောင်ဘက်တကျောမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကကနေ စဖြစ်နေတာ၊ မတ်လ ၃ ရက် အထိတိုက်ပွဲက ဆက်ပြီး ဖြစ်ပွားနေတယ် ၊ တိုက်ပွဲဖြစ်ပွားတာကလည်း ရက်ဆက် နေတယ်၊ စစ်ဘေးရှောင်တွေကလည်း တနေ့နဲ့ တနေ့ ပိုပိုများလာတယ်၊ ရေက အခု သုံးဖို့ မပြောနဲ့သောက်ဖို့တောင်မရှိဘူး။”လို့ စစ်ရှောင်တွေကို စောင့်ရှောက်ပေးနေတဲ့ ဒေသခံ တယောက်ကပြောပါတယ်။

စစ်ရှောင်တွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုနဲ့ အကူအညီတွေမရရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်ပွားလာနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အခု စစ်ရှောင်တွေဟာ တောင်မဲသင်းကျေးရွာ၊ တောင်စလုံးတောင်ကျေးရွာ၊ တောင်စလုံးမြောက်ကျေးရွာ၊ တောင်လုံးပြင်ကျေးရွာနဲ့ ပင်ပုံကျေးရွာ စတဲ့ကျေးရွာတွေက ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေနဲ့ စစ်ရှောင်တွေ မညီမျှဖြစ်နေတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်ပေးဖို့လူတွေ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပင်လောင်း #စစ်ရှောင် #စားနပ်ရိက္ခာနဲ့ဆေးဝါး #အရေးပေါ်လိုအပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW