လားရှိုးမြို့ရှိ ရွှေတောင်တန်း သောက်ရေသန့်စက်ရုံ မီးလောင်

မတ် ၄၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၀၊ နယ်မြေ ၁၊ ဂေါက်ကွင်းလမ်းရှိ ရွှေတောင်တန်း သောက်ရေသန့်စက်ရုံမှာ ဒီနေ့ မတ်လ ၄ ရက် မနက် အစောပိုင်း၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ဟောင်းနွှမ်းနေတဲ့ ဝါယာကြိုးတွေ ဝန်အားမမျှ သုံးစွဲလို့ အဲ့ဒီကနေပြီးတော့ စဖြစ်တာပါဗျ။” လို့ မီးသတ်ဦးစီး အရာရှိ ဦးမင်းမင်းသစ်က VOM ကို ပြောပါတယ်။

လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့ ရပ်ကွက် ၁၀၊ ရပ်ကွက် ၅၊ ရပ်ကွက် ၃ နဲ့ လားရှိုး စည်ပင် တို့မှ မီးသတ်ယာဉ် နဲ့ ရေသယ်ယာဉ် စုစုပေါင်း ၁၃ စီးနဲ့ ၂ နာရီခွဲခန့်ကစ မီးငြှိမ်းသတ်ရာ ၂ နာရီ ၄၀ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ ရေသန့်ဂိုဒေါင် ၁ လုံး၊ ရေသန့်စက်ရုံ အဆောက်အဦ ၁ လုံး၊ ယာဉ်အမှတ် SHN-38၊ 3I-5101 ၊ ISUZU(အဖြူရောင်)ရေသန့်ပို့ယာဉ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုအရ စုစုပေါင်း မီးလောင်ဆုံးရှုံးမှု (၈၂၁၀၀၀၀)ကျပ်ခန့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို အဓိက မိမိတို့ ကိုင်တွယ်သုံးစွဲတဲ့ အရာတွေကို သတိထားသုံးစွဲဖို့နဲ့ အဓိက ဝါယာကြိုးတွေကိုလည်း စစ်ဆေးဖို့ မှာကြားချင်တယ်လို့ မီးသတ်ဦးစီးမှူးက ပြောပါတယ်။

“မီးကတော့ လွှတ်ထားလို့ မရဘူးပေါ့ဗျာ။ ပေါ့ဆမီးဆိုတော့။ အဲဒီလိုမျိုးလေးတော့ သတိပေးချင်ပါတယ်ဗျ။ ကျနော်တို့လည်း ပွင်းလင်းရာသီဆိုရင် လိုက်ပြီးတော့ စစ်ဆေးတာတွေရှိတယ်။ ဒါကတော့ သူတို့ အိမ်ရှင်ရဲ့အပိုင်းလည်း ရှိတယ်နော်။ EPC ရဲ့ အပိုင်းတွေလည်း ရှိတာပေါ့ဗျာ။”လို့ သူက ပြောပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး စက်ရုံမန်နေဂျာ နဲ့ စက်ရုံညစောင့် အမျိုးသား(၂)ဦး တို့ကို လားရှိုးအမှတ် (၂) နယ်မြေရဲစခန်းမှ (ပ)၂၀/၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

Photo Crd-လားရှိုး မီးသတ်ဦးစီဌာန
#voiceofmyanmar #VOM #လားရှိုး #ရေသန့်စက်ရုံမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW