မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်နည်းပါးလာကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော

ဂျီနီဗာ၊ မတ်-၇-၂၀၂၃
မျိုးဆက်(VOM)

နိုင်ငံရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကပြည်သူတွေအတွက် မျှော်လင့်ချက်နည်းပါး လာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတက်ခ်က ဂျီနီဗာမှာ မတ် ၆ ရက်ကပြုလုပ်တဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် သုံးနှစ်အတွင်းချည်းနင်းလာတဲ့အချိန်မှာ မြန်မာပြည်သူတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးထိခိုက်မှုတွေရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေ၊ အာဏာပိုင်တွေရဲ့အပြစ်ပေးအရေးယူမှုတွေအပြင် ဆိုးရွားတဲ့စီးပွားရေးအကျပ်အတည်းကို တွေ့ကြုံခံစားနေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။

နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက် ဒုတိယနှစ်မှာ မြန်မာစစ်တပ်ဟာ လေကြောင်းကနေတိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံစတဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မှု ၁၀၀ ရာခိုင်နှုန်းရှိခဲ့တယ်လို့ လူ့အခွင့်အရေးကောင်စီရဲ့နောက်ဆုံးအစီရင်ခံစာ (A/HRC/52/21) မှာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနေရာတွေမှာ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေက တရား၀င်ထုတ်ပြန်ထားပေမယ့် လူ့အခွင့်အရေးကောင်စီက စုဆောင်းရရှိထားတဲ့အချက်အလက်တွေမှာတော့ အဲဒီနေရာတွေမှာ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေ ရှိမနေဘူးလို့ အစီရင်ခံစာကဆိုပါတယ်။

အထူးသဖြင့် မန္တလေးတိုင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး ကျေးရွာတွေမှာ လုယက်မှုတွေနဲ့ မီးရှို့ဖျက်စီးမှုတွေ လုပ်ဆောင်နေကာ လက်ရှိအချိန်ထိ နေအိမ်နဲ့အဆောက်အအုံ ၃၉၀၀၀ ပျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်မှစပြီး စစ်တပ်နဲ့ ဆက်နွယ်နေတဲ့အဖွဲ့တွေကြောင့် ကလေး ၂၄၄ ဦးအပါအ၀င် အရပ်သား ၂၉၄၇ ဦးသေဆုံးခဲ့ပြီး ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Ref: UNHR Office
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW