တရုတ်နဲ့ အာဆီယံနိုင်ငံ သံတမန်တွေ ရခိုင်က မူဆလင်ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုနေ

မတ် ၉- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ နိုင်ငံတကာသံတမန်တွေနဲ့ ကောက်စစ်ဝန်တွေဟာ မနေ့ မတ်လ ၈ ရက်နေ့မှာ ရောက်ရှိလာပြီး ပြည်နယ်တွင်းက မူဆလင်ဒုက္ခသည်စခန်းတွေကို ကြည့်ရှုစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက VOM ကို အတည်ပြု ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရောက်နေတဲ့ နိုင်ငံတကာသံတမန်တွေထဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (Chen Hai)နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ သံအမတ် H.E. Mr. Mongkol Visitstump၊ မလေးရှားကောင်စစ်ဝန်၊ ဗီယက်နမ်သံအမတ် ၊ ကမ္ဘောဒီးယားသံအမတ်၊ ဘင်္ဂလားဒေ့ရှ်သံအမတ် တို့အပြင် နိုင်ငံခြားသံရုံးဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“သူတို့လာတဲ့ကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဆောင်ရွက်ထားချက်တွေကို ပြသတာဖြစ်ပါတယ်။ ပြသတော့ အဲဒါတွေကို လိုက်ကြည့်တာပေါ့” လို့ ပြောပါတယ်။

အဲဒီ သံတမန်တွေဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လှဖိုးခေါင်ပြန်လည်လက်ခံရေးကြားစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနဲ့ စစ်တွေမြို့နယ်အတွင်းက သဲချောင်းနဲ့ သက်ကယ်ပြင်တို့မှာရှိတဲ့ မူဆလင်ဒုက္ခသည်စခန်းတွေသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက “ မနေ့က ငခူရကိုရောက်တယ်။ လှဖိုးခေါင် လက်ခံရေးကြားစခန်းကိုရောက်တယ်။ နောက်ပြီး ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ စခန်းတွေကို လိုက်ကြည့်တာပေါ့။ ဒီနေ့တော့ ကျောက်ဖြူကိုသွားတာပေါ့။ ကျောက်ဖြူမှာလည်း ဘင်္ဂါလီဒုက္ခသည်စခန်းက လူတွေကို အဆောက်အဦးအသစ်ဆောက်ထားတော့ လူနေတဲ့ အိမ်တွေကိုရွေ့မယ်ပေါ့။”လို့ ပြောပါတယ်။

အဲဒီလို ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေအခြေအနေတွေကို သွားကြည့်တဲ့အခါ တပ်ကစီစဉ်ပေးတဲ့ စစ်ဘက်သုံးရဟတ်ယာဉ်နဲ့ လိုက်ပို့တာဖြစ်ပြီး ရခိုင်ပြည်နယ်ကောင်စီ အကြီးအကဲ ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနဲ့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတချို့ပါဝင်ပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတော့ လိုက်ပါတာမရှိဘူးလို့ သိရပါတယ်။

အခုလိုမျိုး နိုင်ငံခြားသံတမန်တွေကို ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေကို လိုက်ပါပို့ဆောင်ရတာဟာ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနက၊ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ဆောင်ရွက်ထားချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုး ထားတယ်ဆိုတာကို နိုင်ငံတကာသံအဖွဲ့တွေကို လိုက်ပြတဲ့သဘောဖြစ်တယ်လို့လည်း သိရပါတယ်။

“သူတို့(သံတမန်တွေ)ဘက်ကတော့ ဘာမှပြောတာမရှိသေးဘူး။ ငါတို့ဘက်ကပဲ ဦးဆောင်ပြီးတော့ လိုက်ပြတာပေါ့။ ဟိုဘက်မှာဆိုရင် ငါးခူရ၊ တောင်ပြိုမှာ လက်ခံရေးစခန်း ၂ ခုရှိတယ်။ အဲဒီမှာ လဝက၊ ရဲ၊ ကျန်းမာရေးပိုင်းတွေ ဆောင်ရွက်ထားချက်တွေကို လိုက်ပြတာလောက်ပါပဲ”လို့ ပြောပါတယ်။

အဲဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်အတွင်းက ပုဂ္ဂလိကမီဒီယာတွေလိုက်ပါတာမရှိဘဲ သက်ဆိုင်ရာသတင်းမီဒီယာတွေသာပါဝင်တာ်လို့လည်း သိရပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေကို စစ်ဆေးကြည့်ရှုဖို့လာရောက်ကြတဲ့ တရုတ်သံအမတ်အပါဝင် အာဆီယံနိုင်ငံတွေက သံတမန်တွေနဲ့ ကောင်စစ်ဝန်တွေ ရောက်ရှိလာတာဟာ ရခိုင်ပြည်နယ်အတွက် တစုံတရာ အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“ ဒါက ရခိုင်ပြည်အတွက် အကျိုးသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ဒါတွေက ၂၀၁၂ ကနေ မူဆလင်နဲ့ ရခိုင်အရေး ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကျိုးဆက်တွေက ဖြစ်ပေါ်လာတာရှိတယ်။ ဆိုတော့ နိုင်ငံရေးနဲ့လည်း ဆက်နွယ်မယ်လို့ မထင်မြင်ပါဘ။ သူတို့ကတော့ တဖက်နိုင်ငံ၊ အာဆီယံ၊ OIC နိုင်ငံတွေနဲ့ အလွမ်းသင့်အောင် သွားပြီးလေ့လာတယ်။ လိုအပ်တာတွေ စီစဉ်ဆောင်ရွက်မယ့် သဘောတော့မြင်ရပါတယ်” လို့ ဦးမြတ်ထွန်းက ပြောပါတယ်။

နစကကောင်စီက အခုလိုမျိုး တဖက်နိုင်ငံမှာရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအစီအစဉ် အောင်မြင်မလားဆိုတာဟာလည်း ဒုက္ခသည်တွေအပေါ်မှာလည်း မူတည်နိုင်ကြောင်း ဦးမြတ်ထွန်းက ပြောပါတယ်။

“ ထွက်ပြေးပြီး တဖက်နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်တွေက ပြန်ဝင်ရေး မဝင်ရေးဆိုတာကတော့ သူတို့ကိုယ်တိုင်က ဒွိဟဖြစ်နေ (စဉ်းစားရခက်နေ)တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲဒါကတော့ ပြောရခက်ပါတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မောင်တောခရိုင်အတွင်းရှိ တပ်စခန်းတွေကို ARSA(အာဆာ)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာခဲ့ပြီးနောက်ပိုင်း ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ မူဆလင်တွေဟာ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး နစကကောင်စီကို နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရတဲ့ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့အပတ်က မီးလောင်မှုအကြီးအကျယ်ဖြစ်ခဲ့ပြီး ဒုက္ခသည် ရာဂဏန်းနီးပါးဟာ ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ မူဆလင်ဒုက္ခသည်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာလို့ သုံးနှုန်းကြပြီး မြန်မာပြည်အစိုးရအဆက်အဆက်ကတော့ ဘင်္ဂါလီလို့သာ သုံးနှုန်းကြောင်း သိရပြီး အဲဒီအသုံးအနှုန်းအပေါ်လည်း အငြင်းပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – မတ် ၈ ရက် ညန ၄ နာရီခန့်က စစ်တွေမြို့ပေါ်က ဖြတ်သန်းသွားတဲ့ တပ်ဘက်ဆိုင်ရာ ရဟတ်ယာဥ်
#voiceofmyanmar #VOM #ရခိုင် #မူဆလင်ဒုက္ခသည်စခန်း #တရုတ် #အာဆီယံသံအမတ်

Related posts

Leave a Comment

VOM News

FREE
VIEW