စားသောက်ကုန်၊ မူးယစ်ဆေးနဲ့ စိုးရိမ်နေရတဲ့ မိဘတွေ

မတ် ၁၆ – ၂၀၂၃
SN (VOM)

လက်ရှိမှာ စားသောက်ကုန်တွေအတွင်းကို မူးယစ်ဆေးတွေထည့်သွင်းပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချလာကြပါတယ်။

ရန်ကုန်မြို့က နေရာတချို့မှာ ကွတ်ကီးနဲ့ ချော့ကလက်တွေထဲ ဆေးခြောက်အမှုန့်နဲ့ အဆီတွေ ထည့်သွင်းပြုလုပ် ရောင်းချနေသူတွေကို ဖမ်းဆီး အရေးယူထားတယ်လို့ သက်ဆိုင်ရာက ကြေညာထားတာလည်း ရှိပါတယ်။

အဲ့ဒီလို စားသောက်ကုန်တွေထဲ မူးယစ်ဆေးတွေ ထည့်သွင်းပြုလုပ် ရောင်းချလာတဲ့အပေါ် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး ဒီလို မုန့်ပဲသရေစာတွေကတဆင့် မူးယစ်ဆေးဝါးကို ကလေးတွေ ထိတွေ့ ယဉ်ပါးလာမှာကို မလိုလားဘူးလို့ ပြောလာပါတယ်။

“ကွတ်ကီးထဲမှာ ထည့်တယ်ဆိုတာ လူမဆန်တာ၊ ဦးနှောက်မရှိတာ။ သားသမီးချင်း ကိုယ်ချင်းမစာကြတာ။ အိမ်က ကလေးတွေက ကွတ်ကီး၊ ချော့ကလက် အရမ်းကြိုက်။ အခု ဒါတွေထဲမှာပါလာပြီဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ချော့ကလက်က ခဏထားဦး။ ဒီ ကွတ်ကီးမုန့်ဆိုတာက ကလေးသေးသေးလေးကအစ စားကြတာဆိုတော့ ဘယ်လိုလုပ်မလဲ။ သက်ဆိုင်ရာကနေ ဒါကိုနိုင်အောင်ထိန်းပေးဖို့လိုတယ်”လို့ တာမွေမြို့နယ်မှ မိဘတဦးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ ကွတ်ကီးမုန့်တွေထဲ ဆေးခြောက်ထည့်သွင်းပြုလုပ်ကာ ရောင်းချနေကြသူ နှစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ ကွတ်ကီးမုန့်တွေထဲ ဆေးခြောက်တွေကို ထည့်သွင်းပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးခြောက်ထည့်သွင်းမှု အနည်း/အများပေါ်မူတည်ပြီး ကွတ်ကီးမုန့် တခုကို ၆,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်အထိ ဈေးသတ်မှတ် ရောင်းချကာ ဆေးခြောက်တွေကို အွန်လိုင်းမှတဆင့် မြဝတီဘက်ကနေ မှာယူပြီး ခရီးသည်တင်ယာဉ်တွေနဲ့ သယ်ယူခဲ့တယ်လို့ သိရပါတယ်။

“ဒါတွေကို အွန်လိုင်းကနေ အလွယ်တကူ ရနေတယ်ဆိုကတည်းက ခေတ်ကို မဟုတ်တော့ဘူး။ အရင်တုန်းက‌ စားသောက်ကုန်တွေထဲ ဆိုးဆေးတွေပါတယ်ဆိုပြီး FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)က လိုက်သိမ်းတာမျိုး ရှိတယ်မို့လား။ အခု မုန့်တွေထဲမှာ ဆေးခြောက်တွေပါနေတာ သူတို့ မစစ်ကြဘူးလား၊ မသိဘူးလား။ ဒီမုန့်တွေ လိုက်သိမ်းလိုက်တော့လေ။ ဆိုးဆေးတွေပါနေတုန်းကတော့ အသည်းအသန်လုပ်တတ်တယ်။ ပြောလည်း ထူးမှာမဟုတ်ပါဘူးလေ။ ခေတ်ကိုက သိတဲ့အတိုင်း။ အဲ့ဒီတော့ ကိုယ့်သားသမီးကို မျက်စိဒေါက်ထောက်ကြည့်နေ ဒါပဲရှိတယ်”လို့ ပုစွန်တောင်မြို့နယ်နေ ကျောင်းသားမိဘတဦးက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ဆေးခြောက်အဆီနဲ့ ချောကလက်မုန့်ပြုလုပ်ရောင်းချသူ အမျိုးသမီးတဦးကို မတ်လ ၈ ရက်နေ့ကပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

စစ်ဆေးချက်အရ ‌‌ဆေးခြောက်အဆီနဲ့ ချော့ကလက်မုန့် ပြုလုပ်တဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစတင်ပြီး ဆေးခြောက်အဆီထုတ်တဲ့ နည်းပညာကို အွန်လိုင်းကနေ စတင်လေ့လာခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လမှာတော့ ဆေးခြောက်တွေကို အွန်လိုင်းမှတဆင့် ဝယ်ယူပြီး ဆေးခြောက်အဆီတွေအဖြစ် ပြောင်းလဲကာ ချောကလက်မုန့်တွေထဲ ရောနှောပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချခဲ့တယ်လို့ သိရပါတယ်။

“ရောင်းတဲ့သူက ရောင်းနေကြတော့လည်း မိဘတွေအနေနဲ့က ဘယ်လိုထိန်းရမလဲ။ WY တောင် ကျောင်းတွေမှာ လွယ်လွယ်ရတဲ့ခေတ်မှာ ဆေးခြောက်ပါတဲ့ မုန့်တွေလောက်ကတော့ ပမွှားပေါ့။ ပိုက်ဆံရှိ သားသမီးဆို ပိုဆိုးတယ်။ အဲ့ဒီလို ကလေးတွေကို သူတို့က ပို ပစ်မှတ်ထားပြီး WY တစ်လုံး သုံးထောင်နဲ့ လာရောင်းလိမ့်မယ်။ အခုဆို ကျောင်းပေါင်းစုံမှာ ကော်ရှူတဲ့အဖွဲ့ရယ်၊ အဲ့ဒီမုန့်တွေ အွန်လိုင်းကဝယ်ပြီး စားတဲ့အဖွဲ့ရယ်၊ WY သုံးတဲ့အဖွဲ့ရယ်၊ အဲ့ဒီလိုတွေကိုရှိတာ။ တော်တော်ကြီးကို ထိန်းကွပ်မှရမယ်”လို့ တောင်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး FDA ရဲ့စားသောက်ကုန်ပစ္စည်းအပေါ် အရည်အသွေး စိစစ်ကြပ်မတ်မှုကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်။

ဆေးခြောက်(သို့)Weed လို့ မြန်မာနိုင်ငံမှာ အလွယ်တကူ ခေါ်ဝေါ်လေ့ရှိတဲ့ Marijuana/ Cannabis ကို သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်သလို အလွန်အကျွံ အသုံးပြုမိရင်လည်း ဆိုးကျိုးများစွာကို ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ လူသားတွေအနေနဲ့ ဆေးခြောက်ကို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) ခန့်ကတည်းက စတင် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးခြောက် သောက်သုံးခြင်းရဲ့ ကောင်းကျိုးအနေနဲ့ ဆေးခြောက်မှာ ဓာတုဒြပ်ပေါင်း တစ်ရာကျော် ပါဝင်ပြီး အဓိက ပါဝင်တဲ့ Cannabinoid ဒြပ်ပေါင်းနဲ့ THC ဒြပ်ပေါင်းတို့ကြောင့် နာတာရှည် နာကျင်ကိုက်ခဲခြင်း (Chronic Pain) ဝေဒနာကို သက်သာပျောက်ကင်းစေခြင်း၊ အဆုတ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကို‌ လျှော့ချပေးခြင်း၊ စိတ်ကျဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးခြောက်သောက်သုံးခြင်းကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အော်တစ်ဇင်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ အသည်းရောင်အသားဝါ C ဖြစ်ပွားနှုန်းကို လျှော့ချပေးခြင်း၊ ပါကင်ဆန်ရောဂါဆိုတဲ့ အာရုံကြောရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးပေါင်းများစွာကို ရရှိစေနိုင်တယ်လို့ သိရပါတယ်။

ဆိုးကျိုးတွေ အနေနဲ့ကတော့ ဆေးခြောက် အလွန်အကျွံ သောက်သုံးရင် စိတ်ဝေဒနာခံစားရခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေခြင်း၊ ဝှေးစေ့ကင်ဆာဖြစ်ပွားခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ ခုခံအားကျဆင်းခြင်း စတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် “တန်” ဆေး “လွန်” ဘေး ဆိုသလို ဆေးခြောက် အလွန်အကျွံ သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပြီး ရောဂါအတွက်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးမှသာ အသုံးပြုသင့်တယ်လို့ အကြံပြု ရေးသားလိုက်ရပါတယ်။ ။

#voiceofmyanmar #VOM #မူးယစ်ဆေး #စားသောက်ကုန် #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW