မလေးရှားကိုသွားမယ့် မြန်မာလုပ်သား(၂၇)ဦး ထိုင်းမှာ ဖမ်းဆီးခံရ

မတ်၊ ၁၆-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံ ပရကျွပ်မြို့နယ်မှာ ထိုင်း-မြန်မာ စင်ခွန် -မောတောင် နယ်စပ်ဂိတ်မှာ မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သား ၂၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

”မြန်မာ အလုပ်သမား ၂၇ ယောက်ကို မနေ့က ဖမ်းမိတာ၊ ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားနိုင်ငံကိုသွားဖို့လာတာပါ၊ တရားမဝင်လမ်းကြောင်းကနေလာတာ၊ ထိုင်းဖက်ခြမ်း ပရကျွပ်မြို့နယ်ထဲက ရွာတစ်ရွာက အုန်းတောခြံ တခုထဲကို ရောက်တဲ့အချိန် သူတို့ကို လာခေါ်မယ့် ပွဲစားကို စောင့်ဆိုင်းနေရင်း ထိုင်းနိုင်ငံသား ၂ ယောက်က ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားလိုက်လို့ ဖမ်းဆီးခံရတာ၊ ခိုးလမ်းကနေ ဝင်ရောက်လာတာ။”လို့ရွှေ့ပြောင်းအလုပ်သမားတွေကိုကူညီပေးနေသူတဦးကပြောပါတယ်။

အဲ့ဒီ မြန်မာလုပ်သား ၂၇ယောက်ဟာ ပွဲစားခ ထိုင်းဘက်ငွေ တယောက် ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိပေးပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် နယ်စပ်ဂိတ်ကနေ ထိုင်းဖက်ကို တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ အသက် ၁၅ နှစ်ကျော်အရွယ်တွေနဲ့ အသက် ၅၀ကျော်အရွယ်တွေ အများစုပါတယ်လို့သိရပြီး မြန်မာနိုင်ငံဘက်က ရခိုင်၊ မြိတ်၊ ထားဝယ်နဲ့ မန္တလေးမြို့တို့ဘက်ကနေ ထွက်လာတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမား ၂၇ယောက်ကို ထိုင်း ခလောင်ဝါတိုက်နယ်ရဲစခန်းကို ပို့ဆောင်ထားပြီး အရေယူဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာ၂၇ဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW