ဂျဲယန်စစ်ရှောင်စခန်း မီးလောင်မှု အိမ်ထောင်စု ၄၀ ကျော် အစားအသောက်၊အဝတ်အထည် အရေးပေါ် လိုအပ်နေ

မတ် ၂၀၊ ၂၀၂၃
Shy V (VOM)

ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်၊ လိုင်ဇာမြို့ အနီးရှိ ဂျဲယန် (Je Yang)စစ်ရှောင်စခန်းဟာ မနေ့ မတ် ၁၉ ရက် ညနေပိုင်းက မီးလောင်သွားခဲ့ပြီး စစ်ရှောင်မီးဘေးဒုက္ခသည် အိမ်ထောင်စု ၄၀ ကျော် အစားအသောက်၊ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ အဲဒီ စစ်ရှောင်စခန်းက စစ်ဘေး ဒုက္ခသည်တွေက ပြောပါတယ်။

“ဘာမှ မယူလိုက်နိုင်ဘူး။ ထမင်းချက်တဲ့ နေရာကနေ လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်သွားတာ။ ဘုရားကျောင်းဆောက်ဖို့ စုဆောင်းထားတဲ့ အလှူငွေတွေ သိန်း ၅၀ ကျော်ရော မယူသွားလိုက်နိုင်ဘဲ အကုန်ပါသွား”လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ရှောင် အမျိုးသား တဦးကလည်း”ဘာမှမကျန်ဘူး။ ရပ်ကွက် ၆ B လိုင်း။ ၃ နာရီ ခွဲလောက်ကတည်းကလောင်တာ ၄ နာရီ ၄၅ မိနစ်မှ မီးထိန်းနိုင်ခဲ့တာ၊ ဆိုင်ကယ်တွေက အစ အကုန်ပါသွားတော့ လက်ရှိ စားသောက်စရာ၊ အဝတ်အစား၊ အိပ်ယာ၊ စောင်တွေ၊ အိုးခွက်ပန်းကန် အသုံးအဆောင်ပစ္စည်းတွေတော့ အရေးပေါ် လိုအပ်နေတာ “လို့ ရှင်းပြပါတယ်။

ဒီနေ့ မတ် ၂၀ရက်မှာတော့ စစ်ရှောင်စခန်းရပ်ကွက် တခုစီက လူအင်အား ၁၀ ဦးစီနဲ့ တခြားကူညီသူတွေက မီးလောင်သွားတဲ့နေရာကို သန့်ရှင်းရေးလုပ်နေတယ်လို့ သိရပါတယ်။

၂၀၂၂ မတ်လ ကလည်း လိုင်ဇာအနီးက အကြီးဆုံး စစ်ရှောင်စခန်းဖြစ်တဲ့ ရှအစ်ယန် စစ်ရှောင်စခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပြီး ဂျဲယန် (Je Yang) နဲ့ ဖွန်လုမ်ယမ် စစ်ရှောင်စခန်းတွေမှာလည်း အရင်က မီးလောင်မှု ဖြစ်ပွါးခဲ့ဖူးပေမယ့် အခုလို ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူးလို့ စစ်ရှောင် ပြည်သူတဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက် စတဲ့ မြို့နယ်တွေအထဲက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၈၀၀၀ ကျော်ဟာ ဂျဲယန် (Je Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေတာ ၁၂ နှစ်ကြာ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Photo Crd-စစ်ရှောင်ပြည်သူ တဦး
#voiceofmyanmar #VOM #ဂျဲယန်စစ်ရှောင်စခန်း #မီးဘေးသင့်သူတွေ #အရေးပေါ်လိုအပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW