ALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်

မတ်၂၂-၂၀၂၃
SW(VOM)

မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။

ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက ပါတီနဲ့ တပ်မတော်အတွက် အလုပ်မလုပ်ဘူး။ ဒီလူတွေက အဝေးကနေ အမိန့်ပေးနေလို့လည်း မရပါဘူး။ အဲဒါကြောင့် လုပ်ဆောင်နိုင်စွမ်းရှိတဲ့၊ အရည်အချင်းရှိတဲ့ ပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ကျမတို့က ဖွဲ့စည်းမှုကို လုပ်လိုက်ရတာဖြစ်တယ်ဆိုတာကို အရင်ဆုံးပြောချင်ပါတယ်။

VOM: လက်ရှိ ဆရာမတို့ ပါတီတွင်းမှာ ဘယ်လိုအခြေအနေရှိနေပါသလဲ။

စောမြရာဇာလင်း (ALP): ပါတီတွင်းမှာ ဥက္ကဋ္ဌ ခိုင်ရဲခိုင်က အရင်ကဆိုလို့ရှိရင် အနောက်မြောက်ဘက်လို့သုံးခဲ့တယ်။ အဲဒီ အနောက်မြောက်ဘက်ကို တာဝန်ယူတယ်။ သတင်းမှာက ပြောလို့မကောင်းတဲ့အချက်တွေရှိတယ်။ အဲဒါကြောင့်မို့လို့ အရမ်းကိုထိန်းသိမ်းထားရတာ။ အကုန်လုံးကို ပြောချင်တယ်။ မသင့်တော်ဘူး။ အလယ်ပိုင်းမှာဆိုလို့ရှိရင် ကျမတို့နဲ့ ခိုင်စိုးမြတို့က တာဝန်ယူတယ်။ ဥက္ကဋ္ဌ ခိုင်ရဲခိုင်က သူတို့ရဲ့ တည်ထောင်လိုတဲ့ တပ်ဖွဲ့စည်းမှုတခုကို (KNU) ဘက်မှာ လုပ်ချင်တာပေါ့လေ။ ဥက္ကဋ္ဌ ခိုင်ရဲခိုင်တာဝန်ရှိတာက အိန္ဒိယ(Border) နယ်စပ်ဘက်မှာပဲ တာဝန်ရှိတယ်။ အရှေ့ဘက်မှာ သွားပြီးတော့ ရဲဘော်သစ်တွေစုဆောင်းမယ်၊ သွားမယ်ဆိုလို့ရှိရင် ရခိုင်ပြည်မှာ လူပေါင်း (၂) သန်းကျော်ရှိတယ်။ ကြိုက်တဲ့နေရာက စုဆောင်းလို့ရတယ်။ ထိုင်းမှာ ရာချီပြီးတော့ရှိတယ်။ ကြိုက်တဲ့နေရာက စုဆောင်း၊ အလယ်ပိုင်းလို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ အဝိုင်းအဝန်းထဲမှာရှိနေတဲ့ ရခိုင်ပြည်ဘက်မှာ ရှိနေကြတဲ့ ရဲဘော်တွေကိုမှ ခိုးထုတ်တယ်ဆိုတာ လူသူခိုးပဲဖြစ်တယ်။ တပ်ရဲ့ ဥပဒေအရ အဲဒီလိုလုပ်လို့မရဘူး။ တပ်မတော်တခုဟာ ဆိုလို့ရှိရင် အထက်အမိန့်ကို နာခံရတယ်။ အဆင့်ဆင့်သော အမိန့်အာဏာအောက်မှာ ဖြတ်သန်းရတယ်။ ခိုင်မင်းစိုးကို သူတို့တွေက တာဝန်ပေးပြီးတော့မှ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတွေက ခိုင်မင်းစိုးကို အမိန့်ပေးတယ်။ ခိုင်မင်းစိုးက တိုးတိုးတိတ်တိတ်လုပ်တယ်။ ခိုင်မင်းစိုးကို ကျမတို့ဖမ်းထားတယ်။ ခိုင်မင်းစိုး မကဘူး။ ခိုင်မင်းစိုးထက် ကြီးတဲ့လူဆိုရင်လည်း မတရားလုပ်ရင် ဖမ်းရမှာပဲဖြစ်ပါတယ်။ တပ်မတော်ကို ဖြိုခွဲတယ်ဆိုတာ အင်မတင်မှ ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့က ခိုင်မင်းစိုးနဲ့ တခြား ၆ ယောက်ပဲ ပါသွားတယ်လို့ထင်တာ၊ စစ်ခုံရုံးဖွဲ့ပြီးတော့ စိစစ်လိုက်တဲ့အချိန်ခါမှာ ၁၁ ယောက်ဖြစ်နေတယ်။ တပ်ရင်းမှူးလည်းမသိဘူး။ အလယ်ပိုင်းတခုလုံးမှာ ရခိုင်ပြည်ထဲမှာ တာဝန်အရှိဆုံးဖြစ်နေတဲ့ ကျမလည်းမသိဘူး။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ သူတို့ထွက်ကြတယ်။ တပ်ကနေ ကျမကိုအကြောင်းကြားလာတယ်။ ကားဂိတ်တို့၊ ရွှေပြည်တန်ဂိတ်တို့ကို ကျမတို့လိုက်ရှာတယ်။ မရတဲ့အဆုံး လေဆိပ်ကိုသွားပြီးကြည့်တဲ့အခါ လေဆိပ်မှာတွေ့တယ်။ ဒါဆိုရင် တပ်က ထွက်ပြေးမှုဖြစ်တယ်။ ဒါဆိုရင်ဖမ်းရမယ်။ အဲဒီအတွက်ကြောင့်ပဲ ကျမတို့က လုပ်လိုက်ရတာဖြစ်တယ်။ ဒီကိစ္စနဲ့ သဘောထားကွဲတာက တစ်ချက်ပါ။

နောက်ပြီးတော့ အောက်တိုဘာလကတည်းက သဘောထားကွဲလွဲမှုတွေ အရမ်းများခဲ့ပြီးပြီ။ ပြီးတော့ ကျမကို ပါတီကနေ တာဝန်အသီးသီးကို ရပ်စဲဖို့ သုံးကြိမ်တိတိ လုပ်ကြံခဲ့ပါတယ်။ ကျမ ဒီပါတီကို (၄၂) နှစ် ပေးဆပ်ခဲ့၊ ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါတယ်။ မနေ့တနေ့ကမှ တာဝန်ယူလာတဲ့ ပုဂ္ဂိုလ်တွေက ဒီလိုလုပ်ရအောင် ဘယ်မှာလဲတရားရုံး၊တရားသူကြီး ဘယ်မှာလဲ။ မီဒီယာတွေမှာမပြောချင်လို့ သည်းခံနေတာ။ ဒါကို ကျွန်မ လက်ခံစရာလုံးဝမရှိဘူး။

VOM: ဆရာမကို အခုလိုမျိုး ပါတီကနေထုတ်ပယ်လိုက်တာက ဘယ်လိုသဘောဆောင်ပါသလဲ။ ဘာကြောင့် ထုတ်ပယ်လိုက်တယ်လို့ ထင်ပါသလဲ။

စောမြရာဇာလင်း (ALP): ဒီလို ဖြုတ်ထုတ်သတ် စနစ်မျိုးကို ပါတီမှာ ကျင့်သုံးလာခဲ့တာကြာပါပြီ။ နံပါတ် (၁) ပြောရမယ်ဆိုရင် (၁၉၈၈) မှာ ခိုင်ကျော်လှိုင်နဲ့ ခိုင်အာဏာနီကို ထုတ်ပယ်ဖို့ ကြိုးပမ်းခဲ့တယ်။ ၂၀၂၁ နဲ့ ၂၀၂၂ ကြားမှာ ခိုင်စိုးနိုင်အောင်ကို ထုတ်ပယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကအရင်ကဖြစ်ခဲ့တဲ့ ဥပမာကိုပြောပြတာပါ။ နောက်ပြီးတော့ ကျွန်မကို ထုတ်ပယ်ဖို့ အခုကြိုးပမ်းတဲ့ဟာ သုံးကြိမ်တိတိ အထဲမှာရှိတယ်။ ဒီလို ဖြုတ်ထုတ်သတ် စနစ်တွေနဲ့ မသမာတဲ့ လူတစုရဲ့ ဖန်တီးမှုမှာ ကျွန်မတို့ နေစရာအကြောင်းမရှိဘူး။ ပြီးရင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်က လွတ်လပ်ရေးလမ်းစဉ်နဲ့ သွားမယ်ဆိုတော့ သွားပါ။ သူ့ကိုလည်း ကျမတို့အနှောင့်အယှက်မပေးဘူး။ ကျမတို့ကလည်း ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲထားတယ်။ ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ထိုးထားတယ်။ ဒီလမ်းစဉ်အတိုင်းပဲ ကျွန်မတို့က ဆက်လျှောက်မယ်။ ဒါက ကျွန်မတို့ရဲ့ဦးတည်ချက်ဖြစ်ပါတယ်။ ဒီတိုင်းပဲ ကျွန်မတို့ကသွားမှာမို့လို့ ကျွန်မတို့က ဆုံးဖြတ်ချက်ကို ကျွန်မတို့ ခိုင်ခိုင်မာမာချပြီးတော့ ကျွန်မတို့ ဒီလိုသွားတာဖြစ်ပါတယ်။

 

VOM: ဆရာမကို နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီခေါင်းဆောင်တာဝန်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကနေ တာဝန်တွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့သိရတယ်။ ဒီအပေါ်မှာ ဘာများပြောလိုပါသလဲ။

စောမြရာဇာလင်း (ALP): ကျွန်မက PPST နဲ့လည်း ဆက်သွားနေမှာဖြစ်ပါတယ်။ ထိုနည်းတူ SAC လို့ ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့လည်း ဆက်သွားနေမှာဖြစ်ပါတယ်။ ကျွန်မတို့က ဒီလမ်းစဉ်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်ပါတယ်။ ကျွန်မတို့က NCA လက်မှတ်ထိုးထားတဲ့လူတွေဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကြီး ခိုင်ရဲခိုင်က လက်မှတ်ထိုးထားတဲ့သူမဟုတ်ဘူး။ သူသွားလိုရာကို သွားနိုင်ပါပြီ။ ကျွန်မတို့ကလည်း ကိုယ်သွားလိုရာလမ်းအတိုင်း တည့်တည့်သွားမယ်။ ဒီနိုင်ငံရေးလမ်းကြောင်း ပေါ်မှာ ကျွန်မဆက်ရှိနေမယ်။ ကျွန်မကို နိုင်ငံရေး သတ်ကွင်းအတွင်းမှာ သွတ်သွင်းတဲ့ ရခိုင်သတင်းဌာနတချို့ရှိတာ ကျွန်မသိထားတယ်။ ကျွန်မတို့ သတင်းဌာနတွေကိုဖိတ်တယ် မလာဘူး။ တဖက်စောင်းနင်းတင်တဲ့ သတင်းဌာန ဘယ်သတင်းဌာနလဲ ကျွန်မတို့မှတ်ထားတယ်။ သူတို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ကျွန်မကို အဲဒီလို သတ်ကွင်းအတွင်းသွင်းလို့မရပါဘူး။ ကျွန်မက သစ္စာရှိရှိနဲ့ လမ်းကြောင်းပေါ်မှာ လျှောက်နေတာဖြစ်တယ်။ တခုရှိပါသေးတယ် တံဆိပ်တုံးတွေသုံးတာ တရားမဝင်ဘူးဆိုပြီး ပြောထားတာတွေလည်းတွေ့ရပါတယ်။ ဆိုလို့ရှိရင် တံဆိပ်တုံးက ဥက္ကဋ္ဌ ခိုင်ရဲခိုင်မပိုင်ဘူး။ သူတယောက်တည်းမပိုင်ဘူး။ အဲဒါ ကျွန်မလုပ်တဲ့ တံဆိပ်တုံးဖြစ်တယ်။ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ဟာ ဥက္ကဋ္ဌ ခိုင်မိုးလင်းနဲ့အတူ တော်လှန်ရေးလုပ်လာခဲ့တာမှန်တယ်။ ထောင်ကျတယ်။ ထောင်ကလွတ်လာပြီးတော့ တတိယအကြိမ်ပြန်လည်တည်ဆောက်ဖို့ကြိုးစားကြတယ်။ ကျွန်မတို့ကလည်း ဥက္ကဋ္ဌ ခိုင်ရဲခိုင်ကို သိလို့ (ALP) ဖြစ်လာတာမဟုတ်ဘူး။ ကျွန်မတို့က ဥက္ကဋ္ဌ ခိုင်မိုးလင်းကိုပဲ သိလို့ (ALP) ဖြစ်လာတာ။ ALP ကို ဥက္ကဋ္ဌ ခိုင်မိုးလင်းကြောင့်ပဲ လျှောက်ခဲ့တာ။ ရခိုင်ပြည်သူတွေအတွက် ကျွန်မအလုပ်လုပ်ရမယ်ဆိုတာ ငယ်ငယ်ကတည်းက ကျွန်မလုပ်လာတဲ့ သတ္တိနဲ့ လုပ်လာတာဖြစ်တာမို့ ကျွန်မက ရိုးရှင်းတယ်။ ကျွန်မသွားနေတဲ့လမ်းကြောင်းကို သွားနေတဲ့အတိုင်းဆက်လျှောက်မယ်။

VOM: ရခိုင်ပြည်သူတွေကိုရော လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြောချင်စရာရှိပါသလဲ။

စောမြရာဇာလင်း (ALP) : ဟုတ်ကဲ့ ကျွန်မ သတင်းမီဒီယာကနေတဆင့် ပြည်သူတွေကို ပြောရမှာ အားနာပါတယ်။ ကျွန်မတို့ ပါတီအကြောင်းကို အားလုံးက သိပါတယ်။ အဓိက ခေါင်းဆောင်မှုပြဿနာပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာဘယ်လို လုပ်ခဲ့ကြလဲ။ ဒီခေါင်းဆောင်တွေက ကိုယ့်ဟာကိုယ် စဉ်းစားသင့်တယ်။ အခု ကျွန်မက ကိုယ့်လမ်းစဉ်ကိုယ်သွားဖို့အတွက် ဆုံးဖြတ်လိုက်ပြီးပြီ။ ဒါက ကျွန်မရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျွန်မ ပြည်သူနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ထာဝရသစ္စာရှိနေမှာဖြစ်ပါတယ်။

VOM: လက်ရှိ ပါတီတွင်းမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ခိုင်မင်းစိုးကို ဘယ်လိုမျိုး ဆုံးဖြတ်ချက်ချဖို့ ရှိပါလဲ။

စောမြရာဇာလင်း (ALP): ဆုံးဖြတ်ချက်ကိုတော့ သက်ဆိုင်ရာတရားရေးအဖွဲ့က ချပါလိမ့်မယ်။ ကျွန်မကတော့ တရားရေးအဖွဲ့မှာ မပါပါဘူး။ ဒါပေမယ့် ဒါက စစ်ခုံရုံးနဲ့ အများကြီးဆိုင်သွားတယ်။ တခြားပါတီတွေမှာဆိုရင် တပ်ဖြိုခွဲတယ်ဆိုတာ သေဒဏ်အထိရှိတယ်။ အခုက သူ့ကိုကျမတို့က လူ့အခွင့်အရေးကို နားလည် ငဲ့ညှာတဲ့အနေနဲ့ အချိန်အများကြီး လွှတ်ထားပါတယ်။ နာရီ ၁၀ ကျော် သူ့ကို လွပ်လပ်စွာသွားလာခွင့်ပေးထားတယ်။ ဒါပေမယ့် ဥပဒေအရပြောမယ်ဆိုရင် သူ့ကိုတော့ ကျမတို့ ဆုံးဖြတ်ချက် ချလာရမှာဖြစ်ပါတယ်။ ဒါပေမယ့် အသက်ညှာဆုံးကိုတော့ စဉ်းစားသွားမှာပါ။ ဒါကိုတော့ ကျွန်မ ပြောရဲပါတယ်။ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်ဆိုတာက အပေါ်အမိန့်ကို နာခံရတယ်။ ဥက္ကဋ္ဌ ဆိုလို့ရှိရင်လည်း သူ့အောက်က ရှိတဲ့လူကို ညွှန်ကြားရတယ်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်ကို မရှိတာ။ ဒီဒေသမှာ တာဝန်အရှိဆုံးက ကျွန်မဖြစ်တယ်။ ကျွန်မခွင့်ပြုချက်မရှိဘဲ သွားလို့မှမရတာ။ ကျွန်မကစစ်သား၊ အခုထိ စစ်သားစနစ်ကို ကျင့်သုံးတယ်။ ကျွန်မအမိန့်ကို အမြဲတမ်းနာခံတယ်။ အခုက ကျွန်မ မသိဘဲလုပ်တာမို့လို့ ဘယ်အမိန့်ကိုမှ မနာခံနိုင်ဘူး။ ကျွန်မတို့ ဖမ်းသင့်လို့ဖမ်းတယ်။ စီရင်သင့်တဲ့အတိုင်းပဲ ကျွန်မတို့စီရင်သွားမှာပါ။ ဒါပေမယ့် လူ့အခွင့်အရေးကို ကျွန်မတို့လိုက်နာ ကျင့်သုံးတယ်။ သူ့ကို အသက်အန္တရာယ် ဘာမှမဖြစ်စေရဘူး။

VOM: အခုလိုမျိုး ပါတီက ထုတ်ပယ်လိုက်တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။

စောမြရာဇာလင်း (ALP) : ဒီလိုလုပ်လာလိမ့်မယ်ဆိုတာ ကျွန်မကြိုတင်သိထားပြီးသားပါ။ တခြားလူတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ကျော်လှိုင်ဆိုလို့ရှိရင် စိတ်ဝေဒနာခံစားပြီးတော့မှ သေသွားတဲ့အဆင့်ကို ရောက်သွားတယ်။ ကျွန်မသတ္တိရှိဖို့အတွက် ကိုယ်တိုင်ပြင်ဆင်ထားတယ်။ ဒီခရီးကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်ရမယ်။ အသင့်ပြင်ထားပါတယ်။ ကျွန်မ နိုင်ငံရေးဖြတ်သန်းမှု (၄၂) နှစ်ရှိသွားပြီ။ ဒီလို မသမာမှုတွေကို ဖန်တီးတဲ့ ပုဂ္ဂိုလ်တွေဟာ ပါတီကိုသာ ဖျက်ဆီးတာမဟုတ်ဘူး။ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရဲ့ အနာဂတ်ကိုပါ ဖျက်စီးရာရောက်တယ်။ လူသားဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ဒီလို လုပ်လိုက်တဲ့အပေါ် ခံစားချက်တော့ ဖြစ်တယ်။ ဒါပေမယ့် သူတို့လုပ်လာလိမ့်မယ်ဆိုတာ ကြိုသိထားတဲ့အတွက် ကျွန်မအဲ့ဒီလောက်ထိ ပူပန်သောကမရှိဘူး။ ဘယ်လောက်ထိဆိုလဲဆိုရင် ALP ဖေ့စ်ဘုတ် ပေ့ချ် (Facebook Page)မှာ တင်ထားတာတွေကို တညလုံးဖျက်ဆီးတယ်။ အဲ့ဒီအုပ်စုကဖျက်ဆီးတာ။ ဘာမှမရလိုက်တော့ဘူး။ ကျွန်မ မိုးလင်းလို့ အိပ်ယာက နိုးလာတဲ့အခါမှ သိရတယ်။ အရေးကြီးတဲ့ Document တွေ ဘာမှမရလိုက်တော့ဘူး။ သူတို့ ကြိုက်တဲ့လမ်းကိုသွား ကျွန်မအနှောင့်အယှက်မပေးဘူး။ ကျွန်မလည်း အနှောင့်အယှက်မပေးနဲ့ပေါ့။ ရိုးရိုးရှင်းရှင်းပဲ သွားမယ်။ ဒါကြောင့် ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ၆ လကျော်ကာလအထိ တပ်တည်နေရာ၊ ပါတီတည်နေရာက ထွက်ပြေးသွားကြတဲ့၊ ထွက်ပြေးနေကြတဲ့လူတွေကို ဗဟိုကော်မတီလို့သတ်မှတ်မှာလား။ ဒီမှာဆိုရင် ထွက်ပြေးနေကြတဲ့လူတွေရှိတယ်။ ပြီးလို့ရှိရင် ပါတီဖွဲ့စည်းစဉ်ကတည်းက ဘေးကိုထွက်နေတဲ့လူက အများကြီးရှိတယ်။ ရာခိုင်နှုန်း (၄၀) လောက်ရှိတယ်။ အဲဒီလူတွေကို ဗဟိုကော်မတီလို့ ပြောမှာလား။ ဖုန်းကြီး (၄) ပါးပါတယ်။ အဲ့ဒီဖုန်းကြီးတွေကကော အခုဘယ်မှာရှိနေလဲ။ သူတို့တွေ အမှန်တကယ် အလုပ်လုပ်ရဲ့လား။ အစည်းအဝေးတောင်လာမတက်နိုင်ကြဘူး။ ဒါကို ဗဟိုကော်မတီလို့ပြောမှာလား။ ကျွန်မတို့မှာ ပါသင့်ပါထိုက်တဲ့ ဗဟိုကော်မတီဝင်တွေ ကျွန်မနဲ့အတူရှိနေတယ်။ တပ်မှူးတွေလည်း ကျွန်မနဲ့အတူရှိနေတယ်။ ကျွန်မတို့ ရှေ့ကိုဆက်လျှောက်မှာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

VOM: ဟုတ်ကဲ့၊ VOM ကို အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#voiceofmyanmar #VOM #ALPပါတီ #စောမြရာဇာလင်း #VOMဆက်သွယ်မေးမြန်းချက်

Related posts

Leave a Comment

VOM News

FREE
VIEW