ကျောက်ကြီးမှာ အုတ်တင်လာတဲ့ကား မိုင်းနင်းမိလို့ ၁ ယောက်သေဆုံး၊ ၄ယောက်ဒဏ်ရာရ

မတ်လ ၃၁ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်မှာ ကားတစီး မိုင်းနင်းမိလို့ ၁ ယောက်သေ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားဟာ နတ်သံကွင်းရွာဘက်ကနေ ကျောက်ကြီးဘက်ကို မောင်းလာစဥ် ရန်မျိုးအောင်တံတားအနီးအရောက်မှာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ကားက အုတ်တွေတင်လာတဲ့ကားပါ။မောင်းသူက ပဲနွယ်ကုန်းကလူလို့ သိရတယ်။သေတာ ၁ ယောက်၊မိုင်းထိတာ၄ယောက်ပဲသိရတယ်။သေတာက ကားသမားလား ၊ကားပေါ်ပါသူလားတော့ မသိရသေးဘူး ၊ကားက ချင်းလုံ ဖောကားပုံပါ “လို့ ကျောက်ကြီး ဒေသခံတဦးကပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးတဲ့အမျိုးသားနဲ့ မိုင်းထိမှန်ဒဏ်ရာရရှိခဲ့သူတွေကိုတော့ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

မတ်လ၂၈ ရက် ညပိုင်းကလည်း ကျောက်ကြီးမြို့နယ်မှာ ၃၃kva လိုင်းကို စစ်ဆေးဖို့အတွက် လာရောက်တဲ့ နတ်သံကွင်းမြို့လျှပ်စစ်မှူး ဦးသက်ဆွေ တို့အဖွဲ့ စစ်ပင်တန်းတံတားအနီးမှာ မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ ပဲခူးရွှေမော်ဓောဘုရား အနောက်ဘက်မုဒ် ကားရပ်နားဝန်းထဲမှာလည်း မတ်လ၂၈ ရက်နေ့က လက်လုပ်မိုင်းပေါက်ကွဲလို့ စျေးရောင်းချသူ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ကြီး #အုတ်တင်ကားမိုင်းနင်းမိ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW