အမ်းမှာ အမ်းချောင်းသင်္ကြန်ကို ပထမဆုံးအကြိမ်ကျင်းပမယ်

ဧပြီ ၊၂-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အမ်းချောင်းသင်္ကြန်ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ်လို့ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

”အမ်းချောင်း သင်္ကြန်ပွဲကျင်းပဖို့အတွက် သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိထားပါပြီ ၊ အခုလို ပွဲကျင်းပဖို့ လိုအပ်တဲ့ဆိုင်ခန်းတွေ အပါအဝင် အခြားပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေပါတယ်၊ ၃ ရက်ကျင်းပသွားမှာပါ၊ သင်္ကြန်အကျနေ့ကနေ အတက်နေ့အထိ၊ အမ်းချောင်းမှာလုပ်မှာပါ။”လို့ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူတဦးကပြောပါတယ်။

အမ်းချောင်းသင်္ကြန်ကာလမှာ စတိတ်ရှိုးပွဲတွေ၊ရေလောင်းမဏ္ဍပ်တွေ၊ ဈေးဆိုင်တွေ၊ အပန်းဖြေ အနားယူနိုင်ဖို့နေရာတွေ စတဲ့နေရာတွေကို စီစဉ်ထည့်သွင်း ကျင်းပသွားဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမ်းချောင်းသင်္ကြန်ပွဲကို လာရောက်မယ့် ဧည့်သည်တွေရဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ စနစ်တကျထားရှိနိုင်ရေး ဒေသခံတွေရဲ့လုံခြုံရေးကိုလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

”ဒေသမှာ အခုလိုပွဲတွေ လုပ်တာက ဒေသခရီးသွားလုပ်ငန်းကို အကျိုးပြုရာရောက်သလို ဒေသခံတွေအနေနဲ့မီးခိုးမထွက်ဘဲ စီးပွားရေးဖြစ်စေပါတယ်၊ ခရီးသွားလုပ်ငန်း ကောင်းမွန်လာရင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေလည်း အဆင်ပြေလာမှာပါ၊ အဓိက အခုနှစ် လုပ်တဲ့ပွဲက ဒေသခံတွေ နှစ်သစ်မှာပျှော်ရွှင်စေဖို့ ဒီအမ်းချောင်းသင်္ကြန်ပွဲကိုလုပ်တာပါ၊ လုံခြုံရေးအတွက်ကတော့ သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။”လို့ ဒေသခံခရီးသွားလုပ်ငန်းအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက အခုနှစ် သင်္ကြန်ပွဲတော်ကို ပြည်နယ်အဆင့် စစ်တွေမြို့ အပါအဝင် ကျောက်ဖြူမြို့၊ သံတွဲမြို့၊ ငပလီမြို့နဲ့ အမ်းမြို့တွေမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် AA ဘက်ကလည်း ‌ကျောက်တော်မြို့နယ်ရှိ ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဒုတိယအကြိမ် ပြန်လည်ကျင်းပဖို့စီစဉ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အမ်း #အမ်းချောင်းသင်္ကြန်ပွဲ #ပထမဆုံးအကြိမ်ကျင်းပမယ်

Related posts

Leave a Comment

VOM News

FREE
VIEW