နောင်ချိုမြို့က ရွာအချို့မှာ စစ်ဘေးရှောင်နေရသူ ထောင်နဲ့ချီရှိနေ

ဧပြီ ၆ – ၂၀၂၃
GG (VOM)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ကျေးရွာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားလို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဧပြီ ၅ ရက်နေ့က နောင်ချို၊ ကျောက်မဲလေးရွာ နဲ့ သံဘိုရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ရွာဘက်ကို လက်နက်ပစ်ခတ်မှုရှိတာကြောင့်နဲ့ လေကြောင်းပစ်ခတ်မှုတွေပါရှိလာမှာကို စိုးရိမ်တဲ့အတွက် ရွာသားတွေက ထွက်ပြေးနေတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ဒီနေ့တော့ မကြားရသေးဘူး။ ဒေသခံတွေက အရင်ကလည်းလေယာဥ်နဲ့ဗုံးကျဲတာတွေ၊ပစ်တာတွေကြုံရတော့ အခုတခါလည်း တိုက်ပွဲဖြစ်ရင် လေယာဥ်တွေပါလာမှာကိုကြောက်ပြီး ထွက်ပြေးကြတာပါ။ နောင်ချိုမြို့နဲ့ အခုဖြစ်နေတဲ့ရွာတွေနဲ့ကမိုင်၃၀ လောက်ဝေးတယ် “လို့ နောင်ချိုမြို့ခံတဦးကပြောပါတယ်။

လက်ရှိမှာ ကျောက်မဲလေးရွာ၊သံဘိုရွာ၊ ချောင်းကွေ့ရွာ၊ ထုံးကုန်းရွာ၊ ဟိုခိုရွာက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြတာဖြစ်ကြောင်း၊နောင်ချိုမြို့ပေါ် လာရောက်တိမ်းရှောင်သူရှိသလို ပြင်ဦးလွင် ဘက်ကို တိမ်းရှောင်သွားကြတာလည်းရှိတယ်လို့ သိရပါတယ်။

” အမျိုးတွေရှိတဲ့ဆီ သွားရောက်ခိုလှုံတဲ့သူတွေလည်းရှိတယ်။တချို့လည်း အသံငြိမ်တယ်ဆိုပြီး ပြန်သွားကြသူတွေလည်းရှိတယ်။ဖြစ်နေတာကတော့ အဲ့ဒီဘက်မှာ PDFတွေလည်းရှိတယ်၊တိုင်းရင်းသားလက်နက်ကိုင်တွေလည်းရှိတယ်ဆိုတော့ မြန်မာစစ်တပ်နဲ့ဘယ်အဖွဲ့လဲ သေချာတော့ မသိရသေးဘူး “လို့ သူကထပ်မံပြောပြပါတယ်။

နောင်ချိုမြို့နယ်ထဲက ရွာအချို့မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် နောင်ချိုမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုရှိပြီး တင်းကြပ်တဲ့အနေအထားမရှိဘူးလို့သိရပါတယ်။

#voiceofmyanmar #VOM #နောင်ချို #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW