တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်လို့ တောင်သူတွေသတိထားဖို့လိုအပ်

ဧပြီ ၁၉-၂၀၂၃
MM[VOM]

လေပွေလှိုင်းအရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

လာမယ့် ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေနဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းမှာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

”တိုင်းနဲ့ ပြည်နယ် ၁၃ ခုလောက်မှာ ရွာမယ်၊အချိန် အခါမဟုတ်မိုးဆိုတဲ့အတိုင်း အချိန်အခါမဟုတ်
ရွာတာဖြစ်လို့ လယ်ယာစိုက်ပျိုး ရိတ်သိမ်းကြမယ့်
တောင်သူတွေ အဓိက သတိထားဖို့လိုမယ်၊ လေပွေ လှိုင်းတွေရဲ့အရှိန်ကြောင့် ရွာတာ၊ နွေစပါးနဲ့နှမ်း အပါအဝင် စိုက်ပျိုးတောင်သူတွေ သတိထား လုပ်ကိုင်ရင် အပျက်အစီး အလေအလွှင့်နည်းတာပေါ့၊ကြိုတင်သတိပေးထားပြီဖြစ်လို့ ကြိုတင်ပြင်ဆင်ချိန်ရပါတယ်”လို့ မိုးလေဝသပညာရှင်တဦးကပြောပါတယ်။

အဲ့ဒီလို အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ မိုးတိမ် တောင်တွေ ဖြစ်ထွန်းတာ၊ အချိန်အခါမဟုတ် မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

အချိန်အခါမဟုတ် မိုးရွာမယ့်ဖြစ်စဉ်နဲ့ပတ်သက်လို့
ရှမ်းပြည်နယ်က ဒေသခံတဦးက” ရှမ်းပြည်နယ်က ဆီဆိုင်မြို့နယ်မှာ အခု ဧပြီလ ၁၇ ရက်က အချိန်အခါမဟုတ်မိုးရွာပြီး မိုးသီးတွေကြွေကျတာ မနည်းဘူး၊ လူတွေထိမှန်တာတွေရှိခဲ့တယ်၊ နောက်ပြီး လူနေအိမ် အလုံး ၃၀ ကျော်လောက်ပျက်စီးသွားတာ၊ဒေသခံတွေ အများစုက သဘာဝဘေးကို အရမ်းကြောက်နေတယ်၊အထူးသဖြင့် နေအိမ်တွေ ပြိုကျပျက်စီးတာတွေဖြစ်လာမှာကို စိုးရိမ်နေတာ၊ ဘာလို့လဲဆိုတော့ အခုခေတ် အိမ်တလုံး ဆောက်ဖို့မလွယ်ဘူးလေ။”လို့ သူကပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတဦးကလည်း”
ဧရာဝတီတိုင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအလယ်က အချိန်အခါမဟုတ် မိုးတွေရွာသွန်းမှုဖြစ်ပွားခဲ့တယ်၊ရိတ်သိမ်းလက်စ မိုးစပါးတွေနဲ့ ရေုတ်တွေပျက်စီးခဲ့တယ်၊အခုလိုအချိန် မိုးရွာတာဆို လန့်နေပြီ ၊အခုတော့ ညနေက မိုးလေဝသ သတင်းဖတ်ပြီး ကြိုတင်ပြင်ဆင်နေတယ်၊အဆုံးအရှုံးမခံနိုင်ဘူးလေ၊ စပါးတတင်းရဖို့က မလွယ်ဘူး၊ အခုအချိန်က ဧရာဝတီတိုင်း နေရာတော်တော်များများမှာ စပါးတွေကရိတ်နေကြတုန်း။”လို့ သူကပြောပါတယ်။

မိုးလေဝသဖြစ်စဉ်အနေနဲ့ အခုဧပြီလအတွင်း ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူချိန်တွေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အချိန်အခါမဟုတ် မိုးရွာ လေပြင်းတိုက်ခတ်တာကြောင့် ရန်ကုန်၊ စစ်ကိုင်တိုင်း၊ဧရာဝတီတိုင်း၊ မွန်ပြည်နယ် ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်းပြည်နယ်တွေမှာ နေအိမ်တွေ ၊ သာသနိက အဆောက်အဦးတွေ ပြိုကျတာ၊ဆောင်းသီးနှံ ငရုတ်၊ပဲနဲ့ နှမ်းတွေပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့သေးတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #မိုးလေဝလ #အချိန်အခါမဟုတ်မိုးရွာနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW