သရုပ်ဆောင် ​မင်းရာဇာကို သက်ငယ်မုဒိန်းမှုနဲ့ အလုပ်ကြမ်းနဲ့ထောင် နှစ်၂၀ ထပ်ချ

ဧပြီ ၂၀ – ၂၀၂၃
GG(VOM)

သရုပ်ဆောင် မင်းရာဇာကို စွဲဆိုထားတဲ့ သက်ငယ်မုဒိန်း မှု ပုဒ်မ ၃၇၆ အတွက် သင်္ဃန်းကျွန်းခရိုင်တရားရုံးက ဒီနေ့ဧပြီ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်တိုးအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

” ဒီနေ့မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက သရုပ်ဆောင်မင်းရာဇာရဲ့မုဒိန်းမှုပုဒ်မ၃၇၆ကို အလုပ်နဲ့ ထောင်ဒဏ်၂၀ နှစ်ချမှတ်လိုက်ပါတယ်”လို့ နစ်နာသူမိန်းကလေးဘက်မှ အကူအညီပေးနေတဲ့ ဒေါ်နော်အုန်းလှကပြောပါတယ်။

မင်းရာဇာအနေနဲ့ အသက်မပြည့်သေးတဲ့အိမ်အကူ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ကြောင်းထင်ရှားတာကြောင့် ထောင်ဒဏ်နှစ်၂၀ ထပ်မံချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

” သင်္ဃန်းကျွန်းခရိုင်ရုံးတော်က ဒီနေ့မှာ မင်းရာဇာကို မုဒိန်းမှုအတွက်ပဲ ထောင် နှစ် ၂၀ ချမှတ်လိုက်တာပါ။သူ့အမျိုးသမီး၊မန်နေဂျာတွေ မပါပါဘူး။သူ့ကိုသီးသန့်စွဲထားတဲ့ သက်ငယ်မုဒိန်းကိုချလိုက်တာပါ ” လို့ တရားရုံးနဲ့နီးစပ်တဲ့ အထက်တန်းရှေ့နေတဦးကပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ကလည်း မင်းရာဇာ နဲ့အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နဲ့ မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို နေအိမ်မှာ အလုပ်ခိုင်းစေထားတဲ့ အသက်မပြည့်သေးသူ အိမ်အကူအမျိုးသမီးငယ်ကို အက်ဆစ်နဲ့ပက်တာ၊ ဓားနဲ့ထိုးတာ၊ တူနဲ့ရိုက်တာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့ကြောင်းထင်ရှားလို့ ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုနဲ့ မြောက်ဥက္ကလာပတရာရုံးကနေ အလုပ်ကြမ်း နဲ့ထောင် ဒဏ် ၅ နှစ်ချထားတာလည်း ရှိပါတယ်။

ဒါကြောင့် အခုဆိုရင် မင်းရာဇာကတော့ ထောင်ဒဏ် ၂၅ နှစ်အထိချမှတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

မင်းရာဇာ နဲ့ ဇနီးဖြစ်သူအမျိုးသမီးတို့ဟာ ပြစ်မှုကျူးလွန်ပြီးနောက် ၂၀၂၀ဧပြီလမှာ ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားခဲ့စဥ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ က ဖမ်းမိပြီး ရဲစခန်းကို လွဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အမှုရင်ဆိုင်နေရင်း ၂၀၂၁ ခုနှစ်မှာ အမှုပိတ်သိမ်းဖို့လုပ်ခဲ့လို့ အမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ရာမှ တရားရုံးက လက်ခံခဲ့ကာ အစကနေ ပြန်လည်စစ်ဆေးခဲ့ရတဲ့အမှုဖြစ်တယ်လို့ နစ်နာသူမိန်းခလေးဘက်မှ အကူအညီပေးနေ တဲ့ ဒေါ်နော်အုန်းလှဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်မင်းရာဇာ #ထောင်နှစ်(၂၀)ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW