စစ်ကိုင်းတိုင်းမှာ သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှုဖြစ်လို့ ရေကစားသူ ၁၀ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့

ဧပြီ ၊ ၁၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဟုမ္မလင်းမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှုတွေဖြစ်ပွားပြီး အဲ့ဒီ ပေါက်ကွဲမှာတွေကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ရက်ညနေပိုင်းက စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာက ရေကစား မဏ္ဍပ်မှာ ဒရုန်းနဲ့ဗုံးကျဲချခံရလို့ ရေကစားနေတဲ့ ကလေးငယ် ၈ ဦးဗုံးစထိမှန် သေဆုံးခဲ့ပြီး ၊ ၃၁ ယောက်ဒဏ်ရာရခဲ့တယ် ၊ နောက်ပြီး သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ) ရက် ညပိုင်းက ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက သင်္ကြန်ပွဲတော် ၊ ပွဲခင်းစျေးအနီး ဆိုင်ကယ်မိုင်း ပေါက်ကွဲလို့ မဆိုင်းမော်ပန်း နဲ့ မဥက္ကာဆိုတဲ့ အမျိုးသမီးသေဆုံးခဲ့ပြီး ၉ ယောက်ဒဏ်ရာရတယ်၊အကြတ်နေ့ (ဧပြီ ၁၅) ရက် ညနေ ၆ နာရီက မုံရွာခရိုင် အရာတော်မြို့နယ် ၊ ငွေတွင်းကျေးရွာမှာရှိတဲ့ ရေကစား မဏ္ဍပ်အပေါ် ဒရုန်းနဲ့ ဗုံးကျဲချခံလို့ ရေကစားနေတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၆ ဦး ၊ ပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က VOM ကို ပြောပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ရှိတဲ့အနက် ၊ စစ်ကိုင်း ၊ ဟုမ္မလင်း နဲ့ အရာတော် မြို့နယ်တွေမှာ သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှုဖြစ်လို့ ရေကစားသူ ၁၀ ယောက်သေဆုံးပြီး ၅၃ ယောက် ဗုံးစထိမှန် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်အကြိုကာလဖြစ်တဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနားမှာ လေကြောင်းပစ်ခတ်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်းသင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW