မန်းသင်္ကြန် ဖြတ်ပိုင်း

ဆူးငှက်

မန္တလေးသင်္ကြန်ဆိုတာ နာမည်ကြီးပါတယ်။ နာမည်ကြီးတယ် ဆိုတာက ၂ပိုင်းရှိတယ်။ ရှေးတုန်းက သင်္ကြန်က ရိုးရာယဉ်ကျေးမှုနဲ့ ဂီတ၊အက၊အလှ သင်္ကြန်အဖြစ် နာမည်ကြီးတယ်။ သင်္ကြန်မှာ ကားတွေနဲ့ တူရိယာပစ္စည်းတွေ တင်ပြီး ဆိုကြ၊ တီးကြ၊ ကကြတာက ၁၉၃၀၀န်းကျင်က မန္တလေးမှာ စခဲ့တာတဲ့။ ၁၉၃၀ကနေ ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး အစ ဆိုပါတော့။ ဝံသာနုသင်္ကြန်၊ ၁၃၀၀ပြည့် အရေးတော်ပုံသင်္ကြန်တွေအဖြစ်လည်း မန္တလေးက မမေ့မလျော့ ဆင်နွှဲခဲ့တယ်။ စစ်ကြီးကာလအတွင်း ၁၉၄၂က ၁၉၄၅အထိတော့ မန္တလေးတစ်မြို့လုံး စစ်ရှောင်တိမ်းနေကြတော့ မန္တလေးသင်္ကြန်ဆိုတာက ခပ်ပါးပါးပဲပေါ့။ ၁၉၄၅ စစ်အပြီး သင်္ကြန်အရှိန်မရသေး။ ၁၉၄၆သင်္ကြန် နာလန်ထ အားယူစ။

၁၉၄၇ သင်္ကြန်ကိုတော့ အရင်နှစ်တွေကထက် ပိုမိုထူးကဲပြီး မြို့လုံးကျွတ်သင်္ကြန်အဖြစ် ဝှဲချီး ကျင်းပခဲ့တယ်။ ရပ်ကွက်တိုင်းစေ့ အလှပြယာဉ်တွေ ထွက်တယ်။ ရပ်ကွက်တိုင်းစေ့ ဧည့်ခံမဏ္ဍပ်တွေ ထွက်တယ်။ စစ်ကြီးကြောင့် နိုင်ငံရေးအသိစိတ်တွေကြွလာပြီး အလှပြယာဉ်ရဲ့ အပြင်အဆင်တွေ၊ သင်္ကြန်သံချပ်တွေ၊ သင်္ကြန်သီချင်းတွေမှာ ဖက်ဆစ်ဆန့်ကျင်ရေး တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်ရေးတွေကို အသားပေးဖော်ပြလာတယ်။ တိုင်းပြည်လွတ်လပ်ဖို့ခတ်မှီ စစ်လက်နက်ပစ္စည်းတွေရှိမှ ဖြစ်မယ်လို့ ယုံကြည်ပြီး အလှပြယာဉ်တွေမှာ တိုက်သင်္ဘောတွေ၊ တင့်ကားတွေ၊ သံချပ်ကာ ကားတွေ၊ တိုက်လေယာဉ်ပျံတွေ၊ ဒုံးပျံတွေ ပုံစံချိုးပြီး အလှဆင်ကြတယ်။ အဲဒီ ၁၉၄၇ခုနှစ် သင်္ကြန်မှာပဲ ယနေ့ထက်တိုင် မရိုးနိုင်တဲ့ မန်းတောင်ရိပ်ခို သီချင်းကို မြို့မငြိမ်းက ရေးစပ်ပြီး မြို့မငွေငန်းအလှပြယာဉ်က သီဆိုတီးမှုတ်ခဲ့တယ်။

၁၉၅၁သင်္ကြန်ကတော့ ငြိမ်းချမ်းရေး သင်္ကြန်တဲ့။ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် အာဏာရ အစိုးရဝန်ကြီးတွေနဲ့အတူ မန္တလေး ငြိမ်းချမ်းရေး သင်္ကြန်ကို လာရောက်ဆင်နွှဲခဲ့တယ်။ အလှပြယာဉ်ပေါင်း ၁၀၀ကျော်၊ အလှပြသင်္ကြန်မဏ္ဍပ်ပေါင်း ၁၀၀ကျော် ရှိခဲ့သတဲ့။

နောက်နှစ် ၁၉၅၂ခု သင်္ကြန်ကတော့ နာမည်ကျော် ပြည်ထောင်စု သင်္ကြန်တဲ့။ အဲဒီနှစ်က အသစ်စက်စက် သမ္မတကြီးကိုယ်တိုင် ဝန်ကြီးချုပ်နဲ့အတူ မန္တလေးသင်္ကြန်ကို ဆင်နွှဲသတဲ့။ အလှပြယာဉ်ပေါင်း ၁၀၀ကျော်ကလည်း အရင်နှစ်ကထက် သာအောင် လျှပ်စစ်မီးတွေ၊ တူရိယာဝိုင်းတွေနဲ့ ခမ်းခမ်းနားနား ပြင်ဆင် ဆင်နွှဲကြတယ်။ ဧည့်ခံမဏ္ဍပ် ရာကျော်ကလည်း အရပ်သူ ယိမ်းအဖွဲ့တွေနဲ့ လှလှပပ မြူးမြူးကြွကြွ ဆင်နွှဲကြတယ်။ ဒီနှစ်ပိုင်းတွေဟာ မန္တလေးသင်္ကြန်အဖို့ ငြိမ်းချမ်းရေး သင်္ကြန်၊ပြည်ထောင်စုသင်္ကြန်များအဖြစ် ယဉ်ကျေးမှုကို မှတ်ကျောက်တင်နိုင်ခဲ့တယ်။

၁၉၆၂နောက်ပိုင်း ၁၉၈၀ ဝန်းကျင် အထိ ဗဟိုမဏ္ဍပ် မြို့နယ် ဆုပေးမဏ္ဍပ်တွေနဲ့ ပြိုင်ပွဲသင်္ကြန်ဟာ မန္တလေးမှာ ထင်ရှားခဲ့တယ်။ နှစ်အလိုက် အတိုးအဆုတ် အနည်းငယ်သာ ရှိပေမယ့် နှစ်စဉ် အလှပြယာဉ်ပေါင်း ၅၀က ၁၀၀အတွင်း၊ သံချပ်အဖွဲ့ပေါင်း ၂၀ကျော်၊ အလှပြမဏ္ဍပ်ပေါင်း ၅၀က ၁၀၀အတွင်း ရှိခဲ့တာချည်းပါပဲ။ အစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှုနဲ့ မန္တလေးသင်္ကြန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဆဲ ကာလတွေပါ။ အဲဒီနှစ်တွေမှာ မန္တလေးသင်္ကြန်ရဲ့ထူးခြားမှုက ရုပ်ရှင်မင်းသားဝင်းဦးနဲ့ မြို့မငွေငန်း အလှပြယာဉ်တို့ပါပဲ။ ဝင်းဦးကလည်း လျှမ်းလျှမ်းတောက်နေချိန်။ မန္တလေးသင်္ကြန်မှာ သူကိုယ်နှိုက်က သူ့စရိတ်သူခံပြီး မြို့မနဲ့ မန္တလေးပရိသတ်ကို အခွင့်အရေးတစ်ခုအနေနဲ့ လာရောက်ဖျော်ဖြေတာပါ။ ၁၁နှစ်တိတိ ကြာရှည်ခဲ့ပါတယ်။ သူ့ကိုယ်ကျိုး လုံးဝမပါဘဲ အနုပညာတန်ဖိုးရှိတဲ့ အသင်းနဲ့ အနုပညာရပ်ဝန်းဆီ အရောက်လာပြီး ပူးပေါင်း လက်တွဲတဲ့ ဖြစ်စဉ်ပါ။

၁၉၈၀ကျော် ဝန်းကျင်မှာတော့ စီးပွားရေးအခြေအနေတွေအရ မန္တလေးသင်္ကြန်မှာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေ သိပ် မထွက်နိုင်တော့ဘူး။ အစဉ်အလာ ကြီးမားတဲ့ မြို့မအသင်းကိုယ်နှိုက်ကပဲ အလှပြယာဉ် မထွက်နိုင်တော့ဘူး။ ဆင်ဆာအဖြတ် အတောက်တွေ များလာတော့ သံချပ်အသင်းတွေလည်း မထွက်နိုင်တော့ဘူး။

ဒါကြောင့်လည်း ၁၉၈၄ခုနှစ်မှာ ကုန်လွန်ခဲ့တဲ့ မန္တလေးသင်္ကြန်တွေကို လွမ်းဆွတ် အမှတ်ရပြီး မမေ့မပျောက် မှတ်တမ်းတင် ကျန်ရစ်စေတဲ့ သင်္ကြန်မိုး
ဇာတ်ကားကို မန္တလေးသားတွေ မဏ္ဍိုင်ပြုပြီး ကြီးကျယ်ခမ်းနားစွာ ရိုက်ကူးနိုင်ခဲ့တာပါ။

၁၉၃၀ ဝန်းကျင်မှသည် ၁၉၈၄ သင်္ကြန်မိုး အထိကတော့ ယဉ်ကျေးမှုကို အခြေခံတဲ့ ဂီတ၊ အက၊အလှတွေနဲ့ မန္တလေးသင်္ကြန်ရဲ့ မှတ်တမ်း ရုပ်ပုံလွှာတွေပေါ့။

ထူးခြားစည်ကားခဲ့သော မန္တလေးသင်္ကြန်ပုံရိပ်အချို့

၁၉၂၅ ဝန်းကျင်။ ။လော်ရီကားများပေါ်တွင် အလှဆင်၍ အတီးအမှုတ်များဖြင့် စတင်ဆင်နွှဲခဲ့သည့်
အလှပြယာဉ်များ ပေါ်ထွက်ခဲ့သော သင်္ကြန်။

၁၉၃၀ ဝန်းကျင်။ ။ အလှပြယာဉ်များကို အပြိုင်အဆိုင်ပြင်ဆင်ကြပြီး မိမိတို့ အဖွဲ့အလိုက် သင်္ကေတ ရုပ်ပုံရုပ်လုံးများ ချိုး၍ ဆင်နွှဲကြသဖြင့် မြို့လူထုက စိတ်ဝင်စားခဲ့သော သင်္ကြန်။ (ထိုနှစ်တွင် မြို့မ အပျော်တမ်း တူရိယာအသင်းက ငွေငန်း ရုပ်လုံးချိုး ၍ အလှပြယာဉ်ကို ဆင်ယင်ခဲ့သည်။)

၁၉၃၉ ခုနှစ်။ ။ ၁၃၀၀ပြည့် အရေးတော်ပုံကာလနှင့် တိုက်ဆိုင်၍ သင်္ကြန်အဖွဲ့များက အရေးတော်ပုံကို ဂုဏ်ပြုသည့် သီချင်းများ ရေးစပ်သီဆိုကြသော သင်္ကြန်။

၁၉၄၇ ခုနှစ်။ ။ ဒုတိယကမ္ဘာစစ်ကြောင့် မြို့ကို စွန့်ခွာထွက်ပြေး ခဲ့ကြရသဖြင့် သင်္ကြန်နှင့် အဆက်ပြတ်နေရာမှ ၁၉၄၇ခုနှစ် (၁၃၀၉ခုနှစ်) သင်္ကြန်ကို မန္တလေးမြို့တွင် အလှပြယာဉ်ပေါင်း ရာကျော်၊ သင်္ကြန်မဏ္ဍပ်ပေါင်း ရာကျော်ဖြင့် ဝှဲချီးကျင်းပ။ အလှပြယာဉ်များက ကိုယ်ပိုင်တပ်မတော် ခေတ်မီရေးနှင့် လွတ်လပ်ရေးကိုဖော်ကျူးသည့် သင်္ကေတများဖြင့် ဆင်နွှဲကြပြီး မြို့မအသင်းက ယနေ့ထက်တိုင် နာမည်ကျော်ကြားနသော ““ရွှေမန်းတောင်ရိပ်ခို”သီချင်းကို မြို့မငြိမ်း ရေူစပ်ပြီး စတင် သီဆိုခဲ့။ (အေးအေးချမ်းချမ်း၊ရေလောင်းရေပက်နှင့်
ပျော်ပါစေကွယ် စသောသီချင်းများလည်း ပါဝင်ခဲ့။)

၁၉၅၁ ခုနှစ်။ ။ ငြိမ်းချမ်းရေးသင်္ကြန်အဖြစ် နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့။ မြို့လုံးကျွတ် အလှပြယာဉ်ပေါင်း ၁၀၀ကျာ်၊ အလှပြ မဏ္ဍပ်ပေါင်း ၁၀၀ကျာ်၊ မြို့တွင်း ရေပက်ကစားရန် ရပ်ကွက်အနှံ့ ကျုံးရေကန်များ တူးဖော်ပေးခဲ့။ မြို့မအဖွဲ့အတွက် မြို့မငြိမ်းက ငြိမ်းချမ်းရေး သင်္ကြန်သီချင်း ရေးစပ်ခဲ့။

၁၉၅၂ ခုနှစ်။ ။ပြည်ထောင်စုသင်္ကြန်အဖြစ် ထိုစဉ်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်တို့
ပါဝင်ဆင်နွှဲခဲ့။ အလှပြယာဉ်နှင့် အလှပြမဏ္ဍပ်များ ပိုမို များပြားစွာ ပါဝင်ဆင်နွှဲခဲ့။ မန္တလေးသင်္ကြန်သမိုင်းတွင် အစည်ကားဆုံးသင်္ကြန် အဖြစ် မှတ်တမ်းတင်ခဲ့။ ရိုးရာသင်္ကြန်တီးလုံးနှင့် အကများတွင် အနောက်တိုင်း တီးလုံးသံစဉ်များ ပေါင်းစပ်မှု စတင်ခဲ့။ ဝင်းလိုက်မယ် ရေသဘင်အဖွဲ့မှ ရတနာနတ်မယ် မှာ ထင်ရှားခဲ့။ အလားတူ ဝါးပုလွေ အလက် ၆၀ကျာ်ဖြင့် တီးခတ်သော မြို့မငြိမ်း၏ A.M.B.A စောင်းကောက် အလှပြယာဉ်နှင့် တီးလုံးသံစဉ်များ ထင်ရှားခဲ့။

၁၉၆၉ ခုနှစ်မှ ၁၉၈၀ ခုနှစ် ဝန်းကျင်ထိ သင်္ကြန်များ။ ။ဗဟိုဆုပေးမဏ္ဍပ်အပြင် မြို့နယ်အလိုက် ဆုပေးမဏ္ဍပ်များဖြင့် အလှပြယာဉ်ပေါင်း ၉၀ကျော်၊ အလှပြမဏ္ဍပ်ပေါင်း ၁၀၀ ဝန်းကျင်၊ သံချပ်အသင်းပေါင်း ၃၀ခန့်ဖြင့် နှစ်စဉ် မြို့လုံးကျွတ် ဆင်နွှဲခဲ့။ မြို့မတူရိယာအသင်း၏ ငွေငန်းအလှပြယာဉ်တွင် ရုပ်ရှင်မင်းသား ဝင်းဦး ပါဝင်ဖျော်ဖြေခဲ့ပြီး ရှေ့ပြေးကားပေါင်း ၂၀ကျာ်၊ အခြွေအရံကားပေါင်း ရာကျော် အတူလိုက်ပါ။ ပရိသတ် သောင်းဂဏန်းဖြင့် မြို့လုံးအနှံ ညစဉ်ဖျာ်ဖြေခဲ့။ နဂါးမယ်၊ ရွှေမန်းမေ၊ မီးရထား၊ ပွဲညွှန့်သူဇာ၊ ငုရွှေဝါ၊ မြသစ်လွင် စသောအသင်းများ ထင်ရှားခဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW