မော်လမြိုင်ကျွန်းမှာ အောင်သာယာဈေးမီးလောင်မှုဖြစ်ပွား၊ အမျိုးသား(၁)ဦးသေဆုံးကာ ဆိုင်ခန်းပေါင်း (၃၀)ကျော်မီးလောင်ဆုံးရှုံး

ဧပြီ၊၁၆-၂၀၂၃
MM[VOM]

ဈေးဆိုင်ခန်းတွေ ထောင်ချီရှိတဲ့ ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့က အောင်သာယာဈေးမှာ မနေ့ ဧပြီ ၁၅ ည (၇)နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦးသေဆုံးကာ ဈေးဆိုင်ခန်းပေါင်း(၃၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေသိရပါတယ်။

အဲ့ဒီ မီးလောင်မှုဟာ ဈေးဆိုင်ခန်း တခုက မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သိုလှောင်ထားတဲ့ပစ္စည်းတွေများပြားတာကြောင့် မီးလောင်အား ကောင်းမွန်ခဲ့ပြီး ဆုံးရှုံးမှုများခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”အောင်သာယာဈေးမှာက ဆိုင်ခန်းတွေက အစုံရှိတယ်၊မီးလောင်အားကောင်းတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေလည်းပါတော့ ဆုံးရှုံးမှုကများတာပေါ့၊ သေဆုံးသူက အမျိုးသားပါ၊ညစောင့်လုပ်ပြီး ကွမ်းယာရောင်းတယ်။”လို့ တာဝန်ရှိသူ တဦးကပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားသူမှာ ဦးမိုးကျော်ဆို သူဖြစ်ပြီး ဈေးအတွင်းရှိ ဆိုင်တွေက ပစ္စည်းတွေကိုမီးလွတ်ရာကို ကူညီရွှေ့ပေးနေရင်း ခန္ဓာကိုယ်ကိုမီးစွဲကာ ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုကို မော်လမြိုကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် ည၉နာရီခန့်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမှာ ၂၀၂၃ခုနှစ်အတွင်း လူသေဆုံးပြီး ဈေးဆိုင်ခန်းတွေ အများအပြားဆုံးရှုံးတဲ့အထိ မှုလောင်မှုဖြစ်ပွားတာဟာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မော်ကျွန်း #အောင်သာယာစျေးမီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW