မဲကနယ်ကွက်သစ်က စစ်ရှောင် ၁၃၀၀ ကျော် ရိက္ခာနဲ့အဝတ်အစားတွေ လိုအပ်နေ

ဧပြီ ၁၁-၂၀၂၃
MM(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မဲကနယ်ကွက်သစ်က စစ်ဘေးရှောင် ၁၃၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့အဝတ်အစားတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ရှောင် ၁၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီမြို့နယ်အတွင်းရှိ မဲကနယ် (မင်္ဂလာရွာဦးကျောင်း)အပါအဝင် ချမ်းမြေ့ကျောင်း၊ ရှမ်းကျောင်းနဲ့ဖားချောင်း(အောင်မေတ္တာတောရကျောင်း)တို့မှာဖွင့်လှစ်ပေးထားတဲ့ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေသူတွေဟာ ကုန်သွယ်ရေးဇုန်ရဲ့ အနောက်ဘက်က မဲကနယ်ကွက်သစ်က ပြည်သူတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

”အခု စစ်ရှောင်တွေက လက်နက်ကြီးကျရောက်တာ၊ မီးရှို့ဖျက်ဆီးခံရတာကြောင့် တမြို့လုံးနီးပါး စစ်ရှောင်နေရသူတွေပါ၊ ကုန်သွယ်ရေးဇုန်ရဲ့နေရာက ဒေသခံတွေအများဆုံးပဲ၊စစ်ရှောင်တွေအတွက် လိုအပ်ချက်ကတော့ မနည်း ရှိနေတယ်၊လောလောဆယ်တော့ စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေ အဓိကလိုအပ်နေတာ၊အရင်က အလှူရှင်နည်းနည်းပါးပါးရှိပါတယ်၊အခုလုံးဝမရှိသလောက်ဖြစ်လာတယ်၊ရှောင်ရတဲ့ရက် ရှည်လာတော့ အလှူရှင်လည်းမရှိဖြစ် တာပေါ့။”လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ လတ်တလောအနေနဲ့ ဆန်၊ ဆီ ဆား စတဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး ဆေးဝါးတွေ၊သန့်ရှင်းတဲ့သောက်သုံးရေတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

”အခု ဆန်ပြုတ်တွေစားနေရတယ်၊ အလှူရှင်တွေက မတတ်နိုင်တော့ဘူးလေ၊ စစ်ရှောင်ကလည်းများတယ်၊ လိုအပ်ချက်ကလည်းများတာပေါ့၊ အကူအညီမရရင် အစားအသောက် ကောင်းကောင်းမစားရရင် ကလေးတွေနဲ့ နာတာရှည်ရောဂါသည်တွေအတွက် စိုးရိမ်စရာဖြစ်လာတယ်။”လို့ ဒေသခံ တဦးကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့အချိန်က စစ်ရှောင်အားလုံးနီးပါး ၃၀၀၀ ကျော်အထိရှိပြီး မတ်လ တတိယ အပတ်မှာ စစ်ရှောင် ၁၅၀၀ ကျော်ဟာ မိသားစုတွေ၊အသိမိတ်ဆွေတွေဆီ ရွှေ့ပြောင်းနေထိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

အခု စစ်ရှောင်တွေထဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ရေရှည် ဆေးဝါးသောက်သုံးနေရတဲ့သူတွေလည်း ပါဝင်ပြီး အကူအညီမရပါက ကျန်းမာရေးအန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ #မဲကနယ်ကွက်သစ် #စစ်ရှောင်စခန်းအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW