နမ့်ဆန်မှာ အိမ်လေးလုံးမီးလောင်မှု သက်ကြီးပိုင်းအမျိုးသားတဦး မီးလောင်သေဆုံးခဲ့

ဧပြီ ၂၁ – ၂၀၂၃
GG (VOM)

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းရွာမှာ ဒီနေ့ ဧပြီ၂၁ ရက် မနက်အစောပိုင်းက နေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး သက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မီးလောင်သေဆုံးသူအမျိုးသားဟာ အသက် ၇၈နှစ်အရွယ် လေဖြတ်နေတဲ့ သက်ကြီးပိုင်း
ဦးအိုက်စု ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

“မနက်၃နာရီလောက်မှာမီးလောင်တာ၊ သေတဲ့အဘိုးကလည်း မီးစလောင်တဲ့အိမ်ကပါ၊သူက လေဖြတ်နေတော့ မီးထဲပါပြီး သေတယ်ထင်ပါတယ်။အိမ်ကတော့ ၄လုံးပါသွားတယ်။အကုန်ပျက်စီးသွားပါတယ် “လို့ မီးလောင်ပြင် ကယ်ဆယ်ရေးပါဝင်ခဲ့သူဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီမီးလောင်မှုဟာ မနက်အစော ၃ နာရီမှာ စတင်လောင်ကျွမ်းပြီး မနက် ၅ နာရီ ၃၀ မှာမီးငြိမ်းတာကြောင့် မီးလောင်မှုကို အချိန် ၂ နာရီခွဲကြာအောင်ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

မီးလောင်မှုကိုတော့ နမ့်ဆန်မြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုး၊မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

ဧပြီလ ၁၉ရက်နေ့ညပိုင်းကလည်း ရှမ်းပြည်နယ်၊ရပ်စောက်မြို့နယ်၊ဖောင်းတောအုပ်စု၊ဘုရားဖြူရွာက ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားလို့ ဘုန်းကြီးတပါးပျံလွန်တော်မူကာ နောက်ထပ်ဘုန်းကြီးတပါးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နမ့်ဆန် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW