ဆူးငှက်
လေဘာတီ မမြရင်ဆိုတာ မြန်မာပြည် ကိုလိုနီခေတ်က အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးဖြစ်ပါတယ်။မြန်မာ့ အငြိမ့်သမိုင်းကို ပြောမယ်ရေးမယ်ဆိုရင် လေဘာတီမမြရင်က ထိပ်ဆုံးက ပါရမှာပါ။ သူ့ခေတ် သူ့အခါက သူ့ရုပ် သူ့အသံ သူ့အကတွေကို အခု ပြန်လှန်ကြည့်ဖို့ဆိုရင် ဓာတ်ပုံနဲ့ ဓာတ်ပြားသီချင်းတွေပဲ ကျန်ရစ်ပါတယ်။ ရုပ်ရှင်လို မှတ်တမ်းက မကျန်ရစ်တော့ သူ့အကကို မျက်ဝါးထင်ထင် ပြန်မမြင်နိုင်တော့ပါဘူး။ (တလောက အွန်လိုင်းမှာ သူ့အက မှတ်တမ်းရုပ်ရှင်လေး မိနစ်ပိုင်းမျှတွေ့လိုက်ရပါတယ်။ ထိုစဉ်ကာလ သတင်း မှတ်တမ်းထဲက ကားပိုင်းအဖြစ်လေး ဖြစ်ပုံရပါတယ်)။
လေဘာတီ မမြရင်ကို သက္ကရာဇ် ၁၂၆၆ခုနှစ် တောသလင်းလမှာ အဘ ကိုဖိုးသစ်၊ အမိ မဉာဏ်ရုံတို့က
(ထိုစဉ်က) သာစည်ခရိုင် ရွှေဖလားကန်ရွာမှာ မွေးဖွားခဲ့တယ်။ ငယ်အမည်က ဗိုလ်မတဲ့။ ဒီတော့ မမြရင်ဟာ ငယ်စဉ်ကတည်းက ဖြူဖြူချောချောလေးဖြစ်ပုံရတယ်။ အဖေနဲ့ အမေကလည်း တောကျေးလက် အငြိမ့် မင်းသားမင်းသမီးတွေ ဆိုတော့ မမြရင်လေး ငယ်စဉ်ကတည်းက အဆိုအက အနုပညာနဲ့
ရင်းနှီးပြီးသားပါ။ ဒီတော့ အရွယ်ရောက်တော့ မိဘတွေနဲ့အတူ တောအငြိမ့်လေးမှာ မင်းသမီးလေး အဖြစ် ကပြနေပါပြီ။ ဒီတင် အဲ့လို တောအငြိမ့်လေးတွေကို သီချင်းရေးပေး အကတိုက်ပေးနေတဲ့ မန္တလေးက သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က တွေ့ပြီး အလားအလာရှိတဲ့ သူလေးမို့ မန္တလေးခေါ်လာပြီး မြေတောင်မြှောက်ပေးတော့ နဂိုကတည်းက ရုပ်ရည် အသံ ဗီဇနဲ့ လုံ့လ ရှိသူမို့ နာမည်ကျော်လာတယ်။
မမြရင်က ကိုယ်ပိုင်ဟန်ရှိတယ်။ အဝတ်အစားကအစရွးချယ်တယ်။ အရောင်ရင့် အဆင်ကြမ်းတွေ
ရှောင်သတဲ့။ ထဘီဆို အစိမ်းနု၊ ပန်းနု၊ ဝါနု၊ပြာနုတွေကို အနှစ်သက်ဆုံးတဲ့။ အများဆုံးဝတ်တာက
ဝါနုသွေးလေးမို့ နန်းဆန် မန်းဆန်လှသတဲ့။ ဒီဝါနုသွေးလေးကို ညပိုင်း က ရင် ငွေချည်ထိုးပြီး နေ့ပွဲဆိုရင် ငွေချည်မျှပင် မထိုးဘဲ ဝတ်သတဲ့။ သူ့ထဘီက ချိတ်အစစ် ပိုးအစစ် နဲ့ ကွမ်းရိုးစင်းလေးတွေ ဝတ်သတဲ့။ သာမာန် အရပ်ပွဲ မဟုတ်ဘဲ မင်းပွဲစိုးပွဲတွေဆိုရင် အရေးပိုင်ကတော်က သူ့အဝတ်အစားတွေကို ကိုင်ကြည့်ရလောက်အောင် အစစ်ထည် လှပေ့ ညွန့်ပေ့ ဆိုတာတွေ ဝတ်သတဲ့။
သူ့အငြိမ့်မှာ လူရွှင်တော်တွေရဲ့ပြက်လုံးဆိုရင် ရိုင်းစိုင်းတဲ့ပြက်လုံး၊ ညစ်ညမ်းတဲ့ ပြက်လုံးတွေ ပြက်ခွင့် မရှိသလို သူအပါအဝင် မင်းသမီးတွေကိုလည်း ပစ်စလက်ခတ် ချိုးချိုးဖဲ့ဖဲ့ ပြောဆို ပြက်လုံးထုတ်တာလည်း မလုပ်ရဘူးတဲ့။ သူကိုယ်နှိုက်ကလည်း အငြိမ့်ခွင်မှာ မင်းသမီးအနေနဲ့ လူရွှင်တော်တွေကိုပြောရာဆိုရာမှာပင် မင်းသမီးက ရည်းစား အကြောင်းကို ခွင်လုံးအနေနဲ့ မပြောဘူးတဲ့။ ဆို စရာရှိတဲ့ သီချင်းဆို၊ က စရာရှိတာ က ပြီးရင် ခေါက်ယပ်တောင်လေး ကိုင်ပြီး ပတ္တလားရှေ့ ပြုံးပြုံးလေး ထိုင်နေတာပဲတဲ့။ လူရွှင်တော်တွေက သူဆိုသွားတဲ့ သီချင်းအဓိပ္ပာယ်ကိုပဲ ပြက်လုံး ထုတ်ကြတာပါတဲ့။
သူအငြိမ့် ကတာ့ အခြားမင်းသမီးတွေလို က ခါနီး အငြိမ့်စင်ပေါ်ရောက်မှ ကာလသားတွေ တရုံးရုံးရှေ့မှာ သနပ်ခါးလိမ်းတာ မဟုတ်ပါဘူး။ အိမ်မှာ ကတည်းက ဆံထုံးထုံး သနပ်ခါးလိမ်းခဲ့ပြီး
အငြိမ့်စင်ပေါ်ရောက်မှ အဝတ်အစားလေး လဲရုံပါပဲ တဲ့။ မန္တလေးဈေးချိုတော် ရွှေဆိုင်တန်းလို၊ သူဌေးရပ်ကွက်ဖြစ်တဲ့ ဝါးတန်းရပ်ကွက်လိုမျိုးမှာ နေ့ပွဲ ကရပြီးဆိုရင် လက်ဝက်လက်စားတစ်စုံစာကို စိန်အစစ် ပတ္တမြားအစစ် နီလာအစစ်တွေနဲ့ ဝတ်ပြီး က သတဲ့။ အဲ့ဒီခေတ်က ရွှေဒင်္ဂါးတစ်ပြား ၁၃ကျပ်ပေးရတဲ့အချိန် မမြရင် အငြိမ့်ကြေးက ၄၅ ကျပ် ရတော့လည်း ဝတ်နိုင် စားနိုင်တာပေါ့လို့ ပြောကြတယ်။ ဒါပေမယ့် ဟော့ဟော့ရမ်းရမ်း မသုံးဘူး။ ပိုက်ဆံတောင် မရေတတ်ဘူး၊ ရသမျှ အမေ့ကို အပ်ပြီး လိုမှသာ ယူသုံးတာတဲ့။
အဲ့ဒီခေတ်က သူ့ အငြိမ့်သီချင်းတွေကို အများဆုံးရေးပေးတာက ဆရာလည်းဖြစ်တဲ့ သီချင်းရေး ဆရာ နန်းတော်ရှေ့ ဆရာတင်ပါ။ ဒုတိယ အများဆုံက မြို့မငြိမ်းဖြစ်ပြီး၊ နောက် သူ့ပထွေး ဦးသာဒင်၊ ဆရာထာ၊ ကိုရွှေမောင် စတဲ့ သီချင်းရေးဆရာတွေရဲ့ သီချင်းတွေလည်း သီဆိုခဲ့တယ်။ သူ့သီချင်းတွေကို ရွှေလိပ်ပြာ ဓာတ်ပြားတိုက်က ၂၄ပြား၊အောင်မင်္ဂလာ ဓာတ်ပြားတိုက်က ၂၄ပြား၊ ခွေးတံဆိပ် ဓာတ်ပြားတိုက်က အချပ် ၆၀၊ ကိုလံဘီယာ ဓာတ်ပြားတိုက်က ၁၂ပြား ထုတ်ခဲ့ပါတယ်။
ထင်ရှားတဲ့ သီချင်းတွေက အလှူ့ရှင်၊ အလှူ့အမ၊ရွှေပြည်စိုး၊ စိမ်းရောင်စို၊ မန်ဒါလီ၊ ရှင်တခုတည်း၊
နှစ်ယောက်ထဲ၊ အပျော့ဆွဲ၊ တုံးကျော်မ၊ ကမ္ဗောဇ၊တောင်ပြုံး၊သော့တွဲ၊ ဘုရားဈေး၊ တစ်နာရီထဲ မောင်နဲ့ချစ်ပါရစေ၊ လက်ရည်တပြင်တည်း၊ စိမ်းရောင်စို၊ ပန်းသဇင်၊ မယ်ဥတောင်၊ယောက်မ၊ မုန့်စား၊နှစ်ပိဿာခွဲ၊စစ်ကိုင်းတောင်၊ သခွပ်ပန်း၊မြန်မာ့ဂုဏ်ရည်၊တောသူမ မရင်၊စော်ဘွားသမီးတော်၊ကေစက်ချ၊ တချစ်ထဲချစ်၊ ဦးသဝန်ကြောင်၊ ဝိသာခါ စတဲ့ သီချင်းတွေပါ။
အဲ့ဒီခေတ်က လေဘာတီမမြရင်ရဲ့ အနုပညာသာမက အနေအထိုင်၊ ဣနြေရုပ်ရည် နဲ့ မိန်းကလေးပီသမှုတွေကြောင့် အရာရှိ အရာခံတွေသာမက ပညာတတ် ကောလိပ်ကျောင်းသားတွေအထိ အားပေးကြ ကြိုက်နှစ်သက်ကြတယ်။ အချိန်ကာလကလည်းမြန်မာပြည် လွတ်လပ်ရေးအတွက် လက်ရုံးရည်သာမက နှလုံးရည်နဲ့ပါ တိုက်ပွဲဝင် တောင်းဆိုနေရတဲ့ အချိန်မှာ Libertyဆိုတဲ့ လွတ်လပ်ရေးက မြန်မာပြည်အတွက် မြန်မာလူထုအတွက် အမြင့်ဆုံး တန်ဖိုးအရှိဆုံး ဆုလာဘ်ပဲ မဟုတ်ပါလား။ ဒါကြောင့်ကောလိပ်ကျောင်းသား ပညာတတ်တွေက မမြရင်ကိုမြန်မာပြည်အတွက် အမြင့်ဆုံး အဖိုးတန်ဆုံး အရာဖြစ်တဲ့ Liberty ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ပးအပ်ခဲ့ပါတယ်။
လေဘာတီ ဆိုတာ အဲ့ဒီ Libertyပါပဲ။ မြန်မာအသံထွက် ဖလှယ်ပြီး လေဘာတီ မမြရင် လို့ ကမ္ပည်းတွင်ခဲ့တာပါပဲ။
လေဘာတီ မမြရင်ဟာ ဒုတိယကမ္ဘာစစ်ကြီးကာလ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်က ပြေးကာနီး မန္တလေးဝန်းကျင်မှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေတော့ မြို့ပေါ်မှာ မနေနိုင်တော့ဘဲ မြို့စွန် ကန်ကောက်ရွာကို သားအမိနှစ်ယောက် ရှောင်တိမ်းကြတယ်။ ကန်ကောက်ကလည်း မလုံခြုံလေတော့ ရွှေစာရံဘုရားအနီးက ကင်းဘတ်ရွာကို ပြောင်းကြပြန်သတဲ့။တောမီးလောင် တောကြောင် လက်ခမောင်းခတ်စမြဲဆိုတော့ မိန်းမသားနှစ်ယောက်ထဲနေကြရတာ မလုံခြုံပြန်ဘူးပေါ့။ ပါလာတဲ့ ကျန်ကောင်း ကျန်ရာ လက်ဝတ်ရတနာတွေကိုပဲ ထုခွဲရောင်းချ စားသောက်နေရာက လက်ကျန်ပစ္စည်းတွေလည်း ဓားပြတိုက်ခံရသေးသတဲ့။ ကင်းဘတ်ကနေ ဧည့်ပြရွာကိုပြောင်းပြီး ချို့ချို့တဲ့တဲ့ နေရချိန်မှာပဲ အရင်ကဖြစ်ခဲ့ဖူးတဲ့ ငှက်ဖျားရောဂါက ပြန်ဖြစ်တော့ စစ်တွင်းကာလမို့ ဆေးရယ် ဝါးရယ်နဲ့ မကုနိုင်၊ကောင်းကောင်းလည်း မပြုစုနိုင်ဘဲ ကွယ်လွန်ရှာပါတယ်။
လေဘာတီ မမြရင် ကွယ်လွန်တဲ့ရက်က ၁၃၀၇ခုနှစ် ကဆုန်လပြည့်ကျော် ၄ရက် (၁၉၄၅ခု၊ ဧပြီလ ၂၉ရက်)ဖြစ်လို့ အသက်၄၀ကျော်ပဲ ရှိပါသေးတယ်။
သူကွယ်လွန်ပြီးနောက် သိမီခဲ့သူတွေက သူ့အကြောင်းကို ရေးကြသားကြတယ်။
ဒီရေးကြတာတွေထဲက ၁၉၆၄ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ လူထုဒေါ်အမာရဲ့ပြည်သူချစ်သော အနုပညာသည်များစာအုပ်က ထင်ရှားပါတယ်။ အဲဒီခေတ် အမြင့်ဆုံ စာပေဆုဖြစ်တဲ့ စာပေဗိမာန် စာပေဆုလည်း ရရှိခဲ့ပါတယ်။ ဒီလို စာအုပ်စာပေတွေကျေးဇူး သိမီသူ ပညာရှင်များ ပြန်လည်ဖော်ထုတ်ချက်တွေကြောင့် နောက်ခေတ် အငြိမ့်မင်းသမီးတွေ၊ အဆိုတော်တွေက လေဘာတီမမြရင်ရဲ့သီချင်းတွေကို အငြိမ့်စင်ပေါ်မှာ၊ရေဒီယိုမှာ၊ ဓာတ်ပြားမှာ၊ ရုပ်မြင်သံကြား ဖန်သားပြင်မှာ၊ တိတ်ခွေမှာ၊ စီဒီ၊ ဗွီစီဒီတွေမှာ၊ ဒီကနေ့ အင်တာနက် လူမှုကွန်ယက်နဲ့ နည်းပညာဆိုင်ရာ မျက်နှာစာအသီးသီးမှာ ပြန်လည်ဖော်ထုတ် သီဆိုကြတာ အားရဝမ်းသာစရာပါပဲ။
ဒီလို နေရာအသီးသီးက ပြန်လည်သီဆိုကြတဲ့နေရာမှာ လေဘာတီမမြရင်အကြောင်းကို ဂဃနဏ
သိတဲ့ ပညာရှင်ကြီးတွေရဲ့ ကြီးကြပ်မှုနဲ့ သီဆိုကြ ပြန်လည်ဖော်ထုတ်ကြရင် မမှားပေမယ့် အခုနောက်ပိုင်း အရုပ်ရောအသံပါ မြင်ရကြားရတဲ့နေရာတွေက သူ့သီချင်းတွေကို ပြန်လည်သီဆိုကြရာမှာ အတော်များများ မှားကြတဲ့ စကားလုံးရှိပါတယ်။ ဒါကတော့ ဖြတ်သန်းရတဲ့ခေတ်မှာ အသားကျ ရင်းနှီးနေတဲ့ စကားလုံးမှားပါပဲ။ ဒါတင်မက လေဘာတီမမြရင်အကြောင်း သေချာမသိလို့လည်း မှားကြတာပါပဲ။
ဒီစကားလုံးကတော့ “လေဘာတီ” ဆိုတဲ့ စကားလုံးပါပဲ။ ဒီစကားလုံးရဲ့ ဗျုတ္တပ္ပတ်နဲ့ မမြရင် ဆက်စပ်မှုကို မသိလေတော့ ကြားဖူး ရင်နှီး အသားကျနေတဲ့
စကားလုံးပဲ ထင်မှတ်ပြီး “လေပါတီ”လို့ ပီပီသသကြီး မှားယွင်း သီဆိုနေကြတာပါ။ အခု ဒီဘက်ခေတ်မှ မဟုတ်ပါဘူး၊ လေဘာတီမမြရင်ရဲ့ရေခံမြေခံ မန္တလေးက မြို့ဂုဏ်ဆောင် တူရိယာအသင်းကြီးရဲ့
၁၉၆၀ကျော် ၇၀ ဝန်းကျင်က ဓာတ်ပြားသွင်း ဓာတ်ပြားရ လေဘာတီမမြရင်သီချင်း ပြန်ဆိုတွေမှာ
“လေပါတီရေ..၊ မင်းကလွဲရင် ကိုယ့်ဗိုက်အောက်ကို ယက်တဲ့ ဘဝတွင်”လို့ သီဆိုသလို “လေပါတီ ရင်ရင့်
အသည်းမှာ အမြဲပဲ စွဲတဲ့ သံမှိုပမာ”လို့ ပီပီသသ မှားယွင်းသီဆို အသံသွင်း အသံလွှင့်ခဲ့ပါသေးတယ်။ “လေပါတီရေ.. ၊ မင်းအပျိုလုပ်တယ် လုပ်တယ်..” ၊ “လေပါတီ ပွဲရှိရင် အမြဲကြည့်ကာပင် သာစည်က မမြရင်” ဆိုတာတွေ၊ “သေနိုင်ပါရိုးလား လေပါတီရေ..” ၊ “လေပါတီ ဆိုသော တဘောင်သီချင်း ကိုတော့ မဟာပထဝီမအတွင်းက ..” ဆိုတဲ့ အသံထွက်တွေကိုလည်း အငြိမ့်စင်တွေပေါ်က ကြားခဲ့ကြရပါတယ်။ ဒါကြောင့် Liberty (လွတ်လပ်ရေး) “လေဘာတီ”ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူး အစစ်အမှန် အသံထွက်နဲ့ လေဘာတီမမြရင်ကို ဂုဏ်ပြုကြ၊ သူ့သီချင်းတွေကို မှန်မှန်ကန်ကန် ဖော်ထုတ်သီဆိုကြပါလို့ ပန်ကြားအပ်ပါတယ်ဗျ။
နောက်တစ်ခု စကားချပ်အနေနဲ့ပြောပါရစေဦး ခင်ဗျ။ မမြရင်က အညာကျေးလက်သူ မြန်မာ စစ်စစ်ပါ။ “တာ” ဆိုတဲ့ စကားလုံးကို “ တယ်” ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ သုံးရင် နူတ်က အသံထွက်က “ထာ” လို့ ထွက်ပါတယ်။ ဒါကြောင့် သီချင်းထဲက “တယ်” လို့ အဓိပ္ပာယ်ထွက်တဲ့ “တာ” စကားလုံးတွေကို “ထာ” လို့ သီဆို အသံထွက်ပါတယ်။ “ ချစ်ထာချစ်ထာ ပဓာနလို့ ဆိုချင်ပါတယ် မောင်ရယ်..” ၊ “အစ်ကိုတို့ရဲ့မေတ္တာ မမတို့က ချစ်ထာ..”။ ဒီလို အသံထွက်ကြပါတယ်။
၂၀၀၄ခုနှစ်က ကျွန်တော်တို့ လေဘာတီမမြရင် အနှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗွီစီဒီရိုက်ကြတော့ “လေဘာတီ” ဆိုတဲ့ စကားလုံးနဲ့ ဂုဏ်ပုဒ်ကို အငြိမ့်ပညာရှင် ပန်တျာ(ဒေါ်)ဌေးဌေးမြင့် က သူ့ အငြိမ့်ခန်း ပရိကံစကားမှာ ကျကျနနရှင်းပြသလို
သူသီဆိုတဲ့ ရွှေပြည်စိုးသီချင်းမှာလည်း ““အစ်ကိုတို့ရဲ့မေတ္တာ မမတို့က ချစ်ထာ..” လို့ ပီပီသသ သီဆိုခဲ့ပါတယ် ခင်ဗျ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး