PV နဲ့ PE ကိုင်သူတွေ သက်တမ်းတိုးဖို့ ရပ်ကွက်၊ရဲစခန်း၊ ပြန်တမ်းဝင်အရာရှိတစ်ဦးရဲ့ ထောက်ခံစာလိုအပ်ကြောင်း ချင်းမိုင်ကောင်စစ်ဝန်ရုံး အသိပေး

ဧပြီ ၂၃ -၂၀၂၃
GG (VOM)

မြန်မာနိုင်ငံကူးလက်မှတ် အလည်အပတ် Passport of Visit နဲ့ ပညာရေး Passport of Education ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးမယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ရပ်ကွက်၊ရဲစခန်းထောက်ခံစာ နဲ့ မြန်မာနိုင်ငံက ပြန်တမ်းဝင်အရာရှိတစ်ဦးရဲ့ ထောက်ခံစာ (အရာရှိရဲ့ဝန်ထမ်းကတ်ပါရမယ်) တို့ကို ပူးတွဲတင်ပြရမယ်လို့ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးလိုက်ပါတယ်။

နောက်ပြီး မိဘ ထောက်ခံချက်၊ကာယကံရှင်ရဲ့ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာ၊ ကျောင်းတက်နေပါက ကျောင်းနဲ့ပတ်သက်တဲ့ အထောက်အထားအပါအဝင် မှတ်ပုံတင်ကတ်ကိုပါ ပူးတွဲတင်ပြရမှာဖြစ်တယ်လို့သိရပါတယ်။

” အလည်အပတ်ဗီဇာနဲ့လာပြီး မြန်မာပြည်မပြန်တော့ဘဲ ဒီမှာပဲနေ၊ဒီမှာပဲအလုပ်လုပ်နေတာတွေကို ပြန်လာအောင်လုပ်ပြီး သေချာစိစစ်ချင်တဲ့သဘောထင်တယ်။ဘာလို့ဆို အခု သူတို့တောင်းတဲ့ရဲစခန်းထောက်ခံစာတို့ဆိုတာက လူကိုယ်တိုင်မှတ်ပုံတင်နဲ့သွားလုပ်မှရမယ့်အရာလေ။ ပြန်တမ်းဝင်အရာရှိထောက်ခံစာလည်းယူရမယ်၊ထောက်ခံစာက နိုင်ငံရေးကင်းရှင်းကြောင်းထောက်ခံချက်လို့တော့ကြားတယ်”လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

ကောင်စစ်ဝန်ရုံးကတော့ သူတို့သတ်မှတ်လိုက်တဲ့ အချက်အလက်စာရွက်စာတမ်းတွေပြည့်စုံမှသာ သက်ဆိုင်ရာကို ဆက်လက်တင်ပြရမှာဖြစ်လို့ ခွင့်ပြုချက်ရရှိဖို့ကကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သက်တမ်းတိုးမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်တမ်းမကုန်မှီ အနည်းဆုံး ၆
လခန့် ကြိုတင်လျှောက်ထားဖို့အတွက် နိုင်ငံကူးလက်မှတ်နဲ့ဗီဇာသက်တမ်း ၆လ လောက်ရှိဖို့လည်းလိုအပ်တယ်လို့သိရပါတယ်။

” အရင်ကတောင် Visa မကုန်ခင် ၄ လ လောက်အလိုမှာ ကြိုတင်သွားရောက်သက်တမ်းတိုးရတယ်၊ Passport ပြန်ထုတ်ယူမယ့် ရက်ချိန်းက ၃ လလောက်ထိ ကြာတတ်တယ် ။အဲ့ဒီလိုမဟုတ်ဘဲ ကိုယ်က သက်တမ်းကုန်မှ သွားလုပ်ရင် ဒဏ်ကြေးဆောင်ရတယ်”လို့ ချင်းမိုင်မှာ work permit နဲ့လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာသက်တမ်း ကျန်ရှိမှု ရက်နီးကပ်ချိန်မှ ကောင်စစ်ဝန်ချုပ်ရုံးကို တင်ပြပြီး အမြန်ဆောင်ရွက်ပေးဖို့ ဖိအားပေးတောင်းဆိုတာတွေမလုပ်ဖို့ ကောင်စစ်ဝန်ရုံးက ဧပြီလ ၁၇ ရက်နေ့စွဲနဲ့အသိပေးစာထုတ်ပြန်ထားတာဖြစ်ပါတယ်။

ချင်းမိုင်က မြန်မာကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအပြင် မဲဆောက်၊ ရနောင်း၊ ချင်းရိုင် စတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ တခြားဒေသတွေက မြန်မာအလုပ်သမား၊ ကျောင်းသားနဲ့ မှီခိုဗီဇာ၊ ပင်စင်ဗီဇာ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်ကြသူတွေပါ လာပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံကူးလက်မှတ်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW