ကညွတ်ကွင်းမြို့နယ် လျှပ်စစ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ဧပြီ ၂၈ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့လျှပ်စစ်မှူး ဦးကျော်စံလင်း မနေ့ ဧပြီ၂၇ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

လျှပ်စစ်မှူး ဦးကျော်စံလင်းဟာ မနေ့ ညနေ ၅ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာစဥ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်-၁၁၄/၁ ဖာလုံအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ကွင်းနောက်(၁)ရပ်ကွက်၊ တောင်ဂုံးတဲရွာနားမှာ ပစ်ခံရတာပါ။သူက မနေ့က ကျောက်တံတားကနေ ပြန်လာတာမှာ ပစ်ခံရတာလို့သိရတယ်။နေရာမှာပွဲချင်းပြီးဆုံးသွားတာပါ ၊ PDF တွေကလုပ်တာလို့တော့ သတင်းကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လျှပ်စစ်မှူးကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံရတာကြောင့် ရင်ညွန့်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ မေးစေ့အောက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ၂ ချက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်စံလင်းဟာ ကညွှတ်ကွင်းမြို့က မီတာမဆောင်တဲ့နေအိမ်အချို့ကို မီတာဖြုတ်သိမ်းတာတွေလုပ်ခဲ့ကြောင်း၊မီတာဖြုတ်သိမ်းစဥ် နေအိမ်ပိုင်ရှင်တွေနဲ့စကားများတာတွေရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဦးကျော်စံလင်း သေဆုံးတဲ့နေရာမှာ LUGER တံဆိပ်ပါကျည်ခွံ(၃)ခု တွေ့ရှိရကြောင်းနဲ့ သတ်ဖြတ်မှုကိုတော့ ဖြူးမြို့နယ် ပကဖ ဗိုလ်ကျားကြီးအဖွဲ့ကလုပ်ဆောင်တာဖြစ်တယ်လို့ လူမှုကွန်ယက်မှာ ပြန့်နေတဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

အလားတူ ကညွတ်ကွင်းမြို့နယ်မှာ ၂၀၂၃ ဧပြီလ ၁ ရက်နေ့ကလည်း ဦးဖိုးချစ်ဆိုတဲ့အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

၂၀၂၃ မတ်လ ၃၁ ရက်နေ့ကလည်း ကညွတ်ကွင်းမြို့နယ်ထဲက ဘုရားလဟာရွာရှိ သစ်ပတ်ချောင်းတံတားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကညွတ်ကွင်း #မြို့နယ်လျှပ်စစ်မှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW