ကျောင်းကုန်းမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၈ ဦး ထွက်ပြေးမှုဖြစ်ပွါးခဲ့

ဧပြီ ၂၇- ၂၀၂၃
GG + KK (VOM)

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၈ ဦး အချုပ်ခန်းဖောက် ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ ဧပြီ ၂၆ ရက် ည ၉ နာရီခန့်က အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်ဖမ်းမိနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

” မနေ့ကညက အချုပ်ဖောက်သွားတာလို့ကြားတယ်။မြို့ထဲလည်း လိုက်ရှာ စစ်ဆေးနေတယ်။အခုထိပြန်ဖမ်းမိတယ်လို့မကြားသေးဘူး “လို့ ကျောင်းကုန်းဒေသခံတစ်ဦးကပြောပါတယ်။

အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်သွားသူတွေက အမျိုးသား (၈)ယောက်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ၊ရာဇသတ်ကြီးပုဒ်မ၃၈၀ နဲ့အမှုဖွင့်ခံထားရသူတွေဖြစ်တယ်လို့သိရပါတယ်။

တချို့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ၂ယောက်ကို ဖမ်းဆီရမိပြီး ၆ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

လက်ရှိမှာအချုပ်ဖောက်ထွက်ပြေးသူတွေကို ပြန်လည်ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

မတ်လ၁၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ်အကျဥ်းထောင်က အကျဥ်းသား ၁၃ ယောက်ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ရာ ထွက်ပြေးသူထဲက ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ၂ ယောက်ကိုလည်း ဒဏ်ရာတွေနဲ့ဖမ်းမိခဲ့သလို ကျန်သူတွေကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အလားတူ မတ်လ ၁ ရက် ညနေပိုင်းကလည်း နေပြည်တော် ၊ တပ်ကုန်းမြို့နယ် ၊ ရှောက်ကုန်းကျေးရွာအနီး ၊ ရန်ကုန် – မန္တလေး ကားလမ်းဟောင်း ၊ မိုင်တိုင်အမှတ် ( ၂၄၆ / ၃ )နားမှာ အချုပ်ကားပေါ်မှာပါလာတဲ့ အချုပ်သား၉ ဦး ထွက်ပြေးခဲ့ရာ ၃ဦးကိုသာ ပြန်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW