သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်လာတဲ့ ပြည်တွင်းဆန်ဈေး

SN (VOM)

သင်္ကြန်မတိုင်မီ ကာလကတည်းက အမြင့်ဈေးမှာပဲ ရှိခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ သင်္ကြန်ကာလအလွန်မှာတော့ သမိုင်းတလျှောက် မကြုံဖူးတဲ့ ဈေးတန်းတခုကို ရောက်ရှိလာပါတယ်။

စျေးကွက်ထဲ ဆန်အသစ်တွေ ဝင်ရောက်နေချိန်မှာ ဆန်စျေးကျဆင်းလေ့ရှိပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ စပါးစျေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် ဆန်စျေးတွေလည်း တောက်လျှောက် လိုက်ပါမြင့်တက်နေတာပါ။

အခုလို ပြည်တွင်းဆန်စျေးကွက်အတွင်း စျေးနှုန်း မတန်တဆမြင့်တက်နေတာဟာ နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀ အထိ မြင့်တက်နေတာဖြစ်ပြီး ရက် ၉၀ ဆန်ကြမ်းဈေးမှာလည်း တစ်အိတ်ကို ကျပ် ၆၅,၀၀၀ ကနေ ၇၀,၀၀၀ အထိ ရှိလာနေပါတယ်။ သင်္ကြန်မတိုင်ခင်ကတော့ ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၉၃,၀၀၀ နဲ့ ရက် ၉၀ ဆန်ကြမ်းဈေး တအိတ်ကို ကျပ် ၅၇,၀၀၀ ကနေ ၆၄,၀၀၀ ဝန်းကျင်အထိသာ ပေါက်ဈေးရှိခဲ့တာဖြစ်ပါတယ်။

“ဆန်စျေးက အမြဲတက်နေတာ။ အကျဆိုတာ မရှိဘူး။ စျေးတက်လိုက်ရင်လည်း တစ်ရာ နှစ်ရာမဟုတ်ဘူး။ အမြဲတမ်း လေးထောင်၊ ငါးထောင်လောက် ခုန်တက်နေတာ။ မစားမဖြစ်၊ မဝယ်မဖြစ်လို့ဟာ ဝယ်နေရတယ်။ ဒီလိုသာ စျေးအမြဲတက်နေရင်တော့ အခြေခံလူတန်းစားတွေဖို့ မလွယ်ဘူး”လို့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ဈေးကွက်ထဲ အခုလို ဆန်ဈေးနှုန်း အဆမတန် မြင့်တက်နေတာနဲ့ပတ်သက်လို့ ဆန်စျေးမြင့်တက်စေရန်နဲ့ စားသုံးသူပြည်သူတွေ စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အွန်လိုင်းပေါ်မှာ မမှန်ကန်တဲ့စျေးနှုန်းတွေ၊ မမှန်ကန်တဲ့ သတင်းအချက်အလက် တင်နေသူတွေကိုလည်း ဆန်စပါးလောကရဲ့ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ် သတိပေးသွားမှာဖြစ်ပြီး စည်းရုံးပညာပေးလို့ မထူးခြားရင်တော့ သက်ဆိုင်ရာကို တင်ပြဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အသင်းချုပ်အနေနဲ့ ဆန်စျေးနှုန်း တည်ငြိမ်စေဖို့နဲ့ ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားမှာဖြစ်သလို ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကုန်သည်ပွဲစား စက်ပိုင်တွေအနေနဲ့လည်း ရေတိုအကျိုးအမြတ်နဲ့ ရေရှည်အကျိုးစီးပွားကို မျှတစွာ ချင့်ချိန် ရောင်းဝယ်ကြဖို့နဲ့ ပစ္စည်းမှန်၊ စျေးနှုန်းမှန်နဲ့ ဆန်ဝယ်ယူလိုတဲ့ အဖွဲ့အစည်း၊ အိမ်ထောင်စုတွေအနေနဲ့လည်း ကုန်စည်ဒိုင်တွေမှာ ဆက်သွယ် ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ့လို ဆန်ဈေးတက်အောင် လှုံ့ဆော်သူတွေကို အရေးယူပြီး ဈေးနှုန်း တည်ငြိမ်အောင်လုပ်မယ်လို့ ကြေညာထားပေမယ့်လည်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်တဲ့ ဈေးနှုန်းမှာပဲ ဆန်ဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။

ဧပြီ ၂၁ ရက်က ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၉၇,၀၀၀ ၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ၇၅,၀၀၀ ၊ မြောင်းမြ ပေါ်ဆန်းက တစ်အိတ်ကို ၈၀,၀၀၀ ၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၈၀,၀၀၀ ၊ ရက် ၉၀က ကျပ် ၆၁,၀၀၀ ၊ ခွံနီရှယ်က ကျပ် ၆၈,၀၀၀ ၊ ဧည့်မထက ၅၄,၀၀၀ ပေါက်ဈေးရှိခဲ့ပါတယ်။

ဧပြီ ၂၈ ရက်မှာတော့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀ ၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ၈၂,၀၀၀ ၊ မြောင်းမြပေါ်ဆန်းက ၈၅,၀၀၀ ၊ ကြားပျံရှယ်က ကျပ် ၈၈,၀၀၀ ၊ ရက် ၉၀ က ကျပ် ၆၅,၀၀၀ ၊ ခွံနီရှယ်က ကျပ် ၇၀,၀၀၀ ၊ ဧည့်မထက ၅၆,၀၀၀ အထိ ရောက်ရှိခဲ့ပြီး တပတ်အတွင်း အမျိုးအစားအလိုက် တစ်အိတ်ကို အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ အများဆုံး ကျပ် ၈,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။

“ဆန်ဈေးတက်အောင် လှုံ့ဆော်သူတွေကို အရေးယူမယ်လို့ ကြေညာနေပေမယ့် သူတို့အသင်းမှာကိုက ဈေးတွေတက်နေတာက စဉ်းစားစရာဖြစ်နေပြီ၊ လှောင်လက်တွေက စစ်ရေးအကြောင်းပြပြီး ဈေးကစားနေတာ။ ဓာတ်ဆီစျေး၊ ဒီဇယ်၊ ဓာတ်မြေသြဇာသွင်းအားစုတွေ တက်တယ်ဆိုတာမှန်ပေမယ့် လက်ရှိခေါ်နေတဲ့ မတန်မရာစျေးတွေဟာ အောက်ခြေ လက်လုပ်လက်စားဘဝတွေကို နင်းခြေနေသလိုပဲ” လို့ ဆန် လက်လီ၊လက်ကား ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့လို ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်နေသလို စပါးဈေးတွေလည်း မြင့်တက်နေပြီး အရည်အသွေးအနိမ့်ဆုံး စပါးတင်း ၁၀၀ ကို ကျပ် ၁၇ သိန်းခန့်၊ ဆန်ချောစပါးဈေး အမြင့်ဆုံး ကျပ် ၂၁ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အခုလို ဆန်၊ စပါးဈေးနှုန်းတွေ စံချိန်တင် ဈေးကြီးလာခြင်းဟာ ပြည်ပသို့ ဆန်တင်ပို့မှုတိုးပြီး ဒေါ်လာပိုရအောင် ပြုလုပ်နေတာကြောင့်လည်းဖြစ်တယ်လို့ ဆန်၊ စပါးကုန်သည်တွေက သုံးသပ်ပါတယ်။

နိုင်ငံခြားငွေ လိုအပ်ချက်အတွက် ပြည်ပနိုင်ငံတွေဆီ ဆန်တင်ပို့မှုမြှင့်တင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ အခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်း အဆမတန်မြင့်လာမှုကြောင့် ပြည်ပဆန်တင်ပို့မှုကို လျှော့ချသွားဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပြီး အရင်က ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကနေ တစ်လကို ဆန်တန်ချိန် ၂ သိန်းနီးပါး တင်ပို့နေရာမှ အခုဘဏ္ဍာနှစ်မှာတော့ လစဉ်တင်ပို့မှု တန်ချိန် ၅ သောင်းကနေ ၁ သိန်း ဝန်းကျင်အထိ လျှော့ချသွားဖို့ စီစဉ်နေတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်က သတ်မှတ်ခဲ့တဲ့ ပို့ကုန်မူဝါဒသစ်ကလည်း ပို့ကုန်သမားတွေအတွက် အကျိုးအမြတ်နည်းတာကြောင့် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ ဆန်ကွဲတင်ပို့မှု နည်းလာသလို လိုင်စင်သစ်ချထားပေးမှုလည်း မရှိတဲ့အတွက် တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလက်ရှိ ပို့ကုန်မူဝါဒသစ်အရ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုမှ ရရှိငွေ ၆၅ ရာခိုင်နှုန်းကို သူတို့သတ်မှတ်တဲ့ ဒေါ် လာ/ ယွမ် ငွေဈေးနဲ့ လဲလှယ်ပေးရမှာဖြစ်သလို ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ ပြင်ပဈေးနဲ့ တလအတွင်း လဲလှယ်ရမှာဖြစ်တယ်လို့ ကန့်သတ်ထားပါတယ်။

ဒီကန့်သတ်ချက်ကြောင့် မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့မှု လျော့ကျသွားပြီး အရင်က နေ့စဉ် ဆန်နဲ့ ဆန်ကွဲ ကုန်ကားအစီးရေ ၅၀ ကနေ ၆၀ ဝန်းကျင်ခန့် ကုန်သွယ်မှုရှိခဲ့ပေမယ့် သင်္ကြန်ပိတ်ရက်မတိုင်မီကပင် ကုန်ကားအစီးရေမှာ လက်ချိုးရေလို့ရသည်အထိ တင်ပို့မှုနည်းပါးသွားတယ်လို့ မူဆယ်နယ်စပ် ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလိုအချိန်မှာပဲ ပြည်ပ ဆန်တင်ပို့မှုအတွက် လိုင်စင်ချထားပေးခြင်းကို စိစစ်ခြင်း၊ အသစ်ချပေးမှုတွေကို ရပ်ဆိုင်းထားခြင်းအပြင် ဆန်တင်ပို့မှု လျှော့ချဖို့အထိ စီစဉ်နေတယ်လို့လည်း ဆန်ကုန်သည်တွေဆီက စုံစမ်းသိရှိရပါတယ်။

“သတင်း‌တွေက အမျိုးမျိုးထွက်နေတာ။ ဆန်ဈေးကလည်း သင်္ကြန် မတိုင်ခင်ကတည်းက တဖြည်းဖြည်းတက်နေတာ။ အခု ဈေးနှုန်းတွေက စိုးရိမ်စရာ ကောင်းလောက်အောင် အမြင့်ဆုံး ဖြစ်နေတာ။ ဒီအခြေအနေမှာ ဆန်ကို စိုးရိမ်စိတ်နဲ့ ဝယ်ယူ စုဆောင်းသူတွေလည်း ရှိနေတဲ့အတွက် လက်ရှိ အခြေအနေတွေအရ ဆန်ဈေးက ထပ်တက်နိုင်တယ်”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ရွှေဘိုပေါ်ဆန်းစပါးထွက်ရှိရာ ရွှေဘိုဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းနဲ့အတူ ထိတွေ့တိုက်ပွဲတ္ဖြေစ်ပွါးခြင်း၊ ကျေးရွာတွေ မီးရှို့ဖျက်စီးခံရခြင်း စတဲ့ အခြေအနေတွေကြောင့် ဆန်စပါးထုတ်လုပ်နိုင်မှု နည်းပါးသွားခဲ့ပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ရပါတယ်။

ဒါ့အပြင် စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသတွေမှာလည်း ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်မှုကြောင့် စိုက်ပျိုးရေးသုံး သွင်းကုန်ပစ္စည်းတွေ အရင်ကထက် အဆများစွာ ဈေးနှုန်းမြင့်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါ့ကြောင့် စပါးစိုက်ဧက နည်းပါးခဲ့သလို စိုက်ပျိုးရာမှာလည်း ဓာတ်မြေဩဇာ အပြည့်အဝ အသုံးမပြုနိုင်တဲ့အတွက် အထွက်နှုန်းလျော့ကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာပြည်မှာ ၂ နှစ်‌ကျော်အချိန်ကာလအတွင်း မရှိမဖြစ် အခြေခံစားသောက်ကုန်တခုဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ အမျိုးအစားပေါ် မူတည်ပြီး (၂)ဆကနေ (၄)ဆနီးပါးအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းစျေးနှုန်းတွေ အဆမတန် မြင့်တက်နေတာဖြစ်ပေမယ့် အဓိက စားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းဟာ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် တဟုန်တိုး မြင့်တက်နေတာကတော့ ဝင်ငွေနည်းပြည်သူတွေကို လွန်စွာ အကျပ်အတည်း ဖြစ်စေပြီး ဒီ အခြေအနေတရပ်အပေါ် အချိန်မီ ထိန်းချုပ်နိုင်ခြင်းမရှိရင်တော့ ပြည်သူတွေရဲ့ စားဝတ်နေရေး ပိုမို ဆိုးရွားလာဖွယ်ရှိနေပါတယ်။ ။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဆန်စပါးဈေးနူန်းကဏ္ဏ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW