ဆေးဝါးဈေးနှုန်းတွေ ဆက်လက် မြင့်တက်လျက် ရှိ

မေ ၂-၂၀၂၃
SN (VOM)

ဒေါ်လာထိန်းချုပ်မှုနဲ့ သွင်းကုန်ပါမစ်ရရှိရေး ကြန့်ကြာမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကစတင်ပြီး ဈေးတက်ခဲ့တဲ့ နိုင်ငံခြားဖြစ်ဆေးဝါး ဈေးနှုန်းတွေဟာ လက်ရှိအချိန်အထိ အမြင့်ဈေးနဲ့သာ ငြိမ်နေပြီး ပြန်လည်ကျဆင်းခြင်း မရှိသေးဘူးလို့ ဈေးကွက်အတွင်းကနေ သိရပါတယ်။

မြန်မာ့ဆေးဝါးဈေးကွက်မှာ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေက တင်သွင်းနေတာဖြစ်ပြီး ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ပြည်ပကနေ နိုင်ငံခြားဖြစ်ဆေးဝါးတွေ တင်သွင်းတဲ့အခါ လက်ရှိမှာ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက် လျှောက်ထားခွင့် ပြုထားပေမယ့် ဈေးနှုန်းက ကျဆင်းလာခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဆေးဝါးဈေးတွေက တရိပ်ရိပ်တက်လာနေတာ။ အခုအချိန်ထိ အကျမရှိသေးဘူး။ ဈေးက အမြဲတမ်းလိုလို တက်နေတော့ လူသုံးများတဲ့ ဆေးဝါး တချို့ကိုတောင် ဝယ်မတင်နိုင်တော့ဘူး။ အခုက ရောင်းရှုံးဖြစ်နေတာ။ ရောင်းလိုက်ပြီး ကိုယ်ပြန်ဝယ်ရင်ဈေးကတက်ပြီးနေပြီ။ ကိုယ်တွေအတွက် အမြတ်မကျန်တော့ဘူး။ အဲ့တော့ တချို့ဆေးတွေဆို သိပ်မတင်ဖြစ်တော့ဘူး။ နာတာရှည် ရောဂါသည်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ဆေးတွေလောက်ပဲ တင်ရောင်းဖြစ်တော့တယ်”လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အရင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၂၀၀ ၊ ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့ရာက လက်ရှိမှာတော့ ၉၀၀ ကျပ် ၊ ၅၀၀၀ ကျပ်နီးပါး ရောက်ရှိနေကာ အရင်က ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိတဲ့ နှလုံးရောဂါ သောက်ဆေးဟာလည်း လက်ရှိမှာ ကျပ် ၃၀၀၀၀ ကျော်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်သုံးဆေးဝါးတွေဖြစ်တဲ့ ပါရာစီတမောမှာလည်း အရင်က တကတ် ၅၀၀ ကျပ် ရှိရာမှ လက်ရှိမှာ ၉၅၀ ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

“သွေးထိန်းဈေး၊ သွေးကျဆေး ပုံမှန် မသောက်ရင် လေဖြတ်သွားနိုင်တယ်လေ။ ဈေးတက်လည်း ဝယ်သောက်ရမှာပဲ။ ဈေးတက်ပေမယ့်လည်း မသောက်လို့မရတော့ သောက်နေရတယ်။ ဈေးတွေတက်သလို ဆိုင်တွေမှာ ပစ္စည်းကလည်း ပြတ်သွားနိုင်တော့ ကြိုဝယ်ထားရတယ်” လို့ ဆေးဝါးဝယ်ယူသူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အနက် ၂ သန်းကျော်ဟာ နာတာရှည်ရောဂါရှိသူများဖြစ်ပြီး ဆေးဝါး ပုံမှန်သောက်သုံးမှသာ ရောဂါအခြေနေကို ထိန်းထားနိုင်တာကြောင့် ဈေးနှုန်း မြင့်တက်နေပေမယ့် ဝယ်သောက်နေကြရတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပြည်ပကနေ ဆေးဝါးတင်သွင်းမှုကို လုံးလုံးလျားလျား မှီခိုနေရတာဖြစ်ပြီး ဆေးဝါးဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်သူများအပေါ်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားငွေလဲနှုန်း အတက်အကျမရှိ ငြိမ်နေပေမယ့်လည်း အခုလို ဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းတွေ မြင့်တက်နေရတာဟာ ဆေးဝါးကုမ္ပဏီနဲ့ ကုန်သည်တွေရဲ့ ဈေးကစားမှုကြောင့်ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဖြစ်ဆေးဝါးတွေကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့မှ အများဆုံး တင်သွင်းနေတာဖြစ်ပြီး နစကအနေနဲ့ လက်ရှိမှာ ဖြည့်စွက်စာတင်သွင်းမှု ကန့်သတ်ထားပေမယ့် နာတာရှည်နဲ့ အရေးကြီး ဆေးဝါးတွေကိုတော့ တင်သွင်းခွင့်ပေးထားတယ်လို့ သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ဆေးဝါးကဏ္ဍ #စျေးနူန်းမြင့်တက်လျက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW