သေဒဏ်ကနေ တသက်တကျွန်းပြောင်းလဲမှု ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

မေ ၄ – ၂၀၂၃
SN (VOM)

သေဒဏ်ကျအကျဉ်းသား (၃၈) ဦးကို ထောင်ဒဏ်တသက် လျှော့ပေါ့ပေးမယ်ဆိုတဲ့ ကြေညာချက်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်‌ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နစက က အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ (၃၈) ဦီးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တသက်ကို ပြောင်းလဲကျခံစေဖို့ မနေ့ မေ ၃ ရက်က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အခုလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာဟာ ဘယ်သူတွေရယ်လို့ ထုတ်ပြန်ချက်မှာ အတိအကျ မပါဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်ပြီး မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ လွတ်ငြိမ်းမပေးခဲ့ဘဲ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လွတ်ငြိမ်းပေးတယ်။ သေဒဏ်တွေကနေ တကျွန်းပြောင်းပေးတယ်။ ဒါကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်နဲ့ တိုက်ဆိုင်နေတယ်။ ဒီအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့”လို့ နိုင်‌ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ သေမိန့်ကျသူတွေကို ထောင်ဒဏ်တသက် ပြောင်းလဲပေးတာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှား သံတမန်အဖွဲ့တွေ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ သေဒဏ်ကျ အကျဉ်းသားတွေကို သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တသက်ကို ပြောင်းလဲ ကျခံစေတယ်လို့ နစက က ထုတ်ပြန်ထားတာပါ။

“ဒီ ပြစ်ဒဏ်လျှော့ပေါ့ပေးတာနဲ့ ပတ်သက်လို့ မည်သူမည်ဝါတွေ ဖြစ်တယ်၊ မည်သည့် ပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ် ဆိုတာကို ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း မပါဘူး။ အခု ထောင်ထဲမှာ ရှိနေတဲ့သူတွေ အားလုံးဟာလည်း မတရား ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်။ ပြစ်ဒဏ် လျှော့ပေါ့ပေးတာထက် အပြီး လွှတ်ပေးသင့်တယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

ကဆုန်လပြည့်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား (၂၁၃၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးနောက် သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ် လျှော့ပေါ့ခွင့် ထွက်ပေါ်လာတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်အထိ စာရင်းတွေအရ တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံရကာ ချုပ်နှောင်ထိန်းသိမ်းခြင်းခံထားရသူ (၁၁၂) ဦးရှိပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရတဲ့အတွက် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သေဒဏ်ချမှတ်ခံခဲ့ရသူတွေအနက် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ မိသားစုဝင်တွေဆီ အသိပေး အကြောင်းကြားခဲ့တာမျိုး မရှိခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခဲ့တဲ့ နေ့ရက်နဲ့အချိန်ကို မသိရှိရဘဲ ၂၀၂၂ ခုနှစ်၊ ဇူလိုင်၂၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာမှသာ သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လွတ်ငြိမ်း #သေဒဏ် #တသက်တကျွန်းပြောင်းလဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW