အိန္ဒိယ – မြန်မာ နယ်စပ်မှာ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ပွားနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွား

မေ ၊ ၄ ၊ ၂၀၂၃
SP (VOM)

မြန်မာ – အိန္ဒိယ ၂ နိုင်ငံ ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ စည်ပင်ဖွံ့ဖြိုးရာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ အပါအဝင် ခရိုင် ၅ ခုထဲမှာ လူမျိုးရေး ပဋိပက္ခ အဓိကရုဏ်းတွေဖြစ်ပွားနေပြီး ပစ်ခတ်တိုက်ခိုက်တာ နဲ့ မီးရှို့ဖျက်ဆီးတာတွေ ရှိနေတဲ့အတွက် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အရောင်းအဝယ် ရပ်တန့်သွားတယ်လို့ တမူးမြို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ၂ ရက် ၊ ၃ ရက်ရှိပြီး ၊ မိုးရေးဘက်က ဝယ်လက်တွေ မလာတော့ဘူး ၊ အမှာကုန်လည်း ဆက်သွယ်တာ မရှိတော့ဘူး ၊ အရောင်းအဝယ် ရပ်တန့်သွားတယ် ၊ ပို့ကုန်ဖြစ်တဲ့ ပဲအမျိုးမျိုးနဲ့ စားသောက်ကုန်စည်းတွေလည်း ဒီရက်ပိုင်း ဝယ်လက်မရှိလို့ မရောင်းရဘူး ၊ ၂ နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း တရားဝင်ရော ၊ တရားမဝင် (အောက်လမ်း)ရော အားလုံးရပ်တန့်သွားတယ် ” လို့ တမူးမြို့ခံ နယ်စပ်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က VOM ကို ပြောပါတယ်။

အဲ့ဒီလို နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်သွားတာနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် ဦးဂျမား က ” မဏိပူရ် ပြည်နယ်အစိုးရက ကူကီးနဲ့ ပိုက်သည် ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ တောင်တန်းဒေသတွေကို သစ်တောဧရိယာ နယ်နိမိတ်အဖြစ် သတ်မှတ်ပြဌာန်းလိုက်တယ် ၊ အဲ့ဒီ ပြဌာန်းချက်အပေါ် ကြေနပ်မှုမရှိတဲ့ တိုင်းရင်းသားတွေက ပြည်နယ်အစိုးရအပေါ် ဆန္ဒပြရာကနေ လူမျိုးရေး အဓိကရုဏ်းတွေ စတင်ဖြစ်ပေါ်လာတယ်။
အဲ့ဒီ အဓိကရုဏ်းတွေ အရှိန်ကောင်းလာပြီး မနေ့ မေ ၃ ရက် မနက်ပိုင်းက ပိုက်သည်းလူမျိုးတွေ အများစုနေထိုင်တဲ့ အင်ဖာလ်ခရိုင်ထဲက Kangvai ရွာကြီးကို ကသည်းလူမျိုးတွေက ရွာလုံးကျွတ် မီးရှို့လိုက်တယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ ကလေးငယ်တစ်ဦးလည်း သေဆုံးတယ်၊ အဲ့ဒီ အဓိကရုဏ်းက နယ်စပ်မြို့ဖြစ်တဲ့ မိုးရေးအထိ ကူးစက်လာပြီး မနေ့ညက မိုးရေးမြို့မှာ ကူကီးလူမျိုးတွေက ဆန္ဒပြတယ် ၊ ပစ်ခတ်တာတွေဖြစ်တယ် ၊ မိုးရေးမြို့က အထက်စျေးကြီး မီးလောင်တယ် ၊ ပြည်နယ်အစိုးရက အဲ့ဒီအခြေအနေကို ထိန်းချုပ်တဲ့သဘောအနေနဲ့ ခရိုင် ၅ ခုကို ညမထွက်ရ အမိန့်ထုတ်ထားတယ် ၊ နောက်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်တယ် ၊ အဲ့ဒါကြောင့် ပြည်မနဲ့ အရောင်းအဝယ်လုပ်ငန်းတွေ အဆက်အသွယ်ပြတ်တောက်ကာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း ရပ်တန့်သွားတာ” လို့ပြောပါတယ်။

အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် တမူးမြို့ကို ရောက်ရှိနေတဲ့ ပဲအမျိုးမျိုး အပါအဝင် လူသုံးကုန်နဲ့ စားသောက်ကုန်တွေဟာ အရောင်းအဝယ်မဖြစ်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကလည်း မိုးရေးမြို့မှာ နေထိုင်တဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါး အမျိုးသား ၂ ယောက် တမူးမြို့ကို အလည်လာရာကနေ ပစ်သတ်ခံရတာကြောင့် နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ် ရပ်တန့်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မြန်မာအိန္ဒိယနယ်စပ် #လူမျိုးရေးအထိကရုဏ်း #ကုန်သွယ်ရေးရပ်တန့်

Related posts

Leave a Comment

VOM News

FREE
VIEW